၂၀၂၂ ခုနှစ် ၁ဝလအတွင်း မြန်မာနိုင်ငံ၌ စင်ကာပူနိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေး ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် စင်ကာပူနိုင်ငံမှ ကုမ္ပဏီ ၁၀ ခုကို ခွင့်ပြုပေးနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၆၈ ဘီလျံ (ဒေါ်လာ ၁၃၆၈ ဒသမ ၂၆၁ သန်း)အထိ ရှိကြောင်း သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၉၄ ဒသမ ၆၁၉ ဘီလျံအထိ ခွင့်ပြုပေးထားကြောင်း (DICA)မှ သိရသည်။
အဆိုပါ နှစ်ပေါင်း ၃၄ နှစ်အတွင်း စင်ကာပူနိုင်ငံမှ စုစုပေါင်းပမာဏ၏ ၂၈ ရာခိုင် နှုန်းနီးပါးဖြင့် အများဆုံးဖြစ်သည်။ တရုတ် နိုင်ငံမှ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။
ယင်းတို့နောက်တွင် ထိုင်းနိုင်ငံမှ ၁၂ ရာခိုင်နှုန်းကျော်၊ ဟောင်ကောင်မှ ၁၀ ရာခိုင် နှုန်းကျော်၊ ယူကေမှ ရှစ်ရာခိုင်နှုန်းကျော်၊ ကိုရီးယားနိုင်ငံမှ လေးရာခိုင်နှုန်းကျော်ဖြင့် အသီးသီး အစဉ်လိုက်ရပ်တည်နေသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ် လုပ်ငန်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းထွက်လုပ်ငန်းကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန်ဖော်ဆောင်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆောင်လုပ် ရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍစသည့်ကဏ္ဍများ၌ အဓိကခွင့်ပြုပေးလျက်ရှိသည်။
ယင်းကဏ္ဍများအနက် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများ၌ အများဆုံးခွင့်ပြုပေးထားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄၅၁ သန်း ကျော်ရှိပြီး စင်ကာပူက ဒေါ်လာ ၁၁၅၄ သန်း ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီမှ အောက် တိုဘာလကုန်အထိ ခုနစ်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက် မြှုပ်နှံမှုအနေဖြင့် စင်ကာပူူနိုင်ငံကဒေါ်လာ ၁၁၅၄ ဒသမ ၂၈၆ သန်း၊ Belize ကဒေါ်လာ ၁ ဒသမ ၅ သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒေါ်လာတစ်သန်း၊ တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၉၀ ဒသမ ၀၂၈သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာသုံးသန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၆၃ ဒသမ ၀၁၉ သန်း၊ အိန္ဒိယက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံက ၂၁ ဒသမ ၄ သန်း၊ R.O.K ကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၈ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာခြောက်သန်း၊ဆွစ်ဇာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၄ ဒသမ ၆၇၇ သန်း၊U.K က ဒေါ်လာ ၀ ဒသမ ၃၀၀ သန်း၊Seychelles က ရင်းနှီးမြှုပ်နှံမှုတိုး မြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၈ သန်းဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။