အမျိုးသားအောင်ပွဲနေ့တွင် မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ ၄၁ ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦးနှင့် ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦး ချီးမြှင့်အပ်နှင်း

အမျိုးသားအောင်ပွဲနေ့တွင် မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ ၄၁ ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦးနှင့် ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦး ချီးမြှင့်အပ်နှင်း
Published 17 November 2022

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ကျရောက်သော အမျိုးသားအောင်ပွဲနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူ ဘွဲ့ ၄၁ ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦးနှင့် ဇေယျ ကျော်ထင်ဘွဲ့ ၁၉ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့် အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြေညာချက် ထုတ်ပြန်သည်။

ထိုသို့ ပေးအပ်ချီးမြှင့်ရာတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းအား မဟာသရေစည်သူဘွဲ့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်ဟာ၊ ဦးစိုင်းလုံဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့ကို စည်သူဘွဲ့များ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး သုံးဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ၁၆ ဦး၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် (ငြိမ်း) မောင်မောင်အုန်း၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ငါးဦး၊ စာရေးဆရာ ဦးဝန် (မင်းသုဝဏ်) နှင့် ဆရာဇော်ဂျီ (ဇော်ဂျီ)၊ သတင်းစာဆရာ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) တို့ကိုလည်း စည်သူဘွဲ့များ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၁၁ ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ် ၁၀ ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများအပါအဝင် ၄၅ ဦးတို့ကိုလည်း  စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သည့် သီရိပျံချီဘွဲ့အား ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗိုလ်ချုပ်စောသန်းလှိုင်၊ ဗိုလ်ချုပ်ဇော်ဟိန်းအပါအဝင် ဗိုလ်ချုပ် ၁၉ ဦးကိုလည်း ဇေယျကျော်ထင်ဘွဲ့များ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြေညာချက် ထုတ်ပြန်သည်။