ရဟတ်ယာဉ်ငှားရမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ဦးဝင်းမြင့်အား စစ်​ဆေး

ရဟတ်ယာဉ်ငှားရမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ဦးဝင်းမြင့်အား စစ်​ဆေး
Published 15 November 2022

ရဟတ်ယာဉ်ငှားရမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ဦးဝင်းမြင့်အား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​​​ကြောင်း သိရသည်။

ယင်းရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက် ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ် ငှားရမ်းခြင်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆ အတွက် ဦးဝင်းမြင့်ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့်ရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက် ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် လာမည့်ရုံးချိန်းတွင် ဦးဝင်းမြင့်ကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ကို လိုက်နာမှု မရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီးဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာ နက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည့်အတွက် ဦးဝင်းမြင့်နှင့် ​​ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

 

ငါန်းဇွန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီး မိုင်းထောင်ဖောက်ခွဲခံရသဖြင့် တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိ

ငါန်းဇွန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီး မိုင်းထောင်ဖောက်ခွဲခံရသဖြင့် တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာလမ်းခွဲ၌ နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်က မော်တော်ယာဉ်တစ်စီးကို မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တမ်းရပ်ကွက်နေ ဒေါ်လှလှဝင်းသည် မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာသို့ မွေးနေ့ပွဲသွားရောက်ရန် မိတ်ဆွေများခေါ်ဆောင်၍ LIGHT TRUCK အမျိုးအစား မော်တော်ယာဉ်ဖြင့်ထွက်ခွာခဲ့ရာ ငါန်းဇွန်မြို့နယ်၊ တံတားဦး-မြင်းခြံသွားကားလမ်း၊ မင်းနေကုန်းကျေးရွာလမ်းခွဲသို့ ညနေ ၃ နာရီခွဲခန့်၌ ရောက်ရှိစဉ် လမ်း၏ဝဲဘက်ခြမ်းမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူတစ်ဦး မိုင်းစထိမှန်သေဆုံးခဲ့ပြီး ငါးဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ဒဏ်ရာရသူများကို ဆေးကုသမှုခံယူနိုင်ရန် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

Most Read

Most Recent