ရဟတ်ယာဉ် ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ရေးဆိုင်ရာကိစ္စများအ​ပေါ်အဂတိဖြင့် တရားစွဲထားသည့် အမှုများအတွက် ယနေ့ရုံးချိန်းတွင် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့ကို စစ်​ဆေးမည်

ရဟတ်ယာဉ် ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ရေးဆိုင်ရာကိစ္စများအ​ပေါ်အဂတိဖြင့် တရားစွဲထားသည့် အမှုများအတွက် ယနေ့ရုံးချိန်းတွင် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့ကို စစ်​ဆေးမည်
Published 14 November 2022

ရဟတ်ယာဉ် ဝယ်ယူခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့်စွဲချက်တင်ထားသည့် အမှု နှစ်များအတွက် ယနေ့(နိုဝင်ဘာ ၁၅ ရက်)တွင် ချိန်းဆိုထားသော ရုံးချိန်းတွင် စွပ်စွဲခံရသူများအား စစ်​​ဆေးမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​​​ကြောင်း သိရသည်။

ယင်းရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ် ဝယ်ယူခြင်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် ပြန်ခေါ်သက်သေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးအောင်ခန့်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၅၀ အတွက်လည်း ပြန်ခေါ်သက်သေ ဦးသိန်းမင်းဟိန်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုများနှင့်ပတ်သက်၍ ပြန်ခေါ်သက်​​သေများအား စစ်ဆေးပြီးစီးသွားခြင်းကြောင့် မနက်ဖြန်(နိုဝင်ဘာ ၁၅ ရက်)တွင် ချိန်းဆိုထားသော ရုံးချိန်း၌ စွပ်စွဲခံရသူများဖြစ်သည့် ဦးဝင်းမြင့်နှင့် ဒေါ်​​အောင်ဆန်းစုကြည်တို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက် ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အားအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှု မရှိခြင်း အပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေး​​ပေးချေမှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည့်အတွက် ဦးဝင်းမြင့်နှင့် ​​ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း သိရသည်။

Most Read

Most Recent