၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်
Photo: Getty Images
Photo: Getty Images
Published 12 November 2022

■ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်

အုပ်စု(E)

■ စပိန်

■ သမိုင်းကြောင်း

၂၀၁၀ ပြည့်နှစ်ဝန်းကျင်များက စပိန်ဘောလုံး၏ သမိုင်းဝင်ခေတ်တစ်ခေတ်ကို တည်ထောင်နိုင်ခဲ့သည်။ သို့သော် စပိန် ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးမျိုးဆက်ကို ပိုင်ဆိုင်ခဲ့လင့်ကစား စပိန်အသင်းက ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ်သာ ဆုဖလားရယူနိုင်ခဲ့သည်။ ရွှေရောင်မျိုးဆက် အစပျိုးသည့် ၂၀၀၆ ကမ္ဘာ့ဖလားတွင် (၁၆)သင်းအဆင့်၊ နေဝင်ချိန် ဖြစ်သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်များနှင့်သာ စပိန်အသင်း ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ စပိန်အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားတွင် ချန်ပီယံမဖြစ်မီ (၁၁)ကြိမ်အထိ ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း အမြင့်ဆုံးအဆင့်အဖြစ် ကွာတားဖိုင်နယ်သာရောက်ရှိခဲ့ဖူးသည်။ ချန်ပီယံဖြစ်ပြီးနောက် ပိုပြီးဆိုးသွားသည်က ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲများမှ အသင်း၏စွမ်းဆောင်ရည်ဖြစ်သည်။ 

■ လက်ရှိအခြေအနေ

နည်းပြ လူးဝစ်အင်းနရစ်က စပိန်အသင်းကို ၂၀၁၉ နိုဝင်ဘာတွင် ပြန်လည်ကိုင်တွယ်ပြီးကတည်းက အများစုမျှော်လင့်ထားသည့်အဆင့်ထက် ပိုမိုသာလွန်အောင် ပုံဖော်ပေးထားနိုင်သည်။ ၂၀၂၀-၂၁ ရာသီ UEFA Nations League ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်စေကာ ၂၀၂၁ ခုနှစ်၌ကျင်းပသည့် ယူရို- ၂၀၂၀ ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ် ပို့ဆောင်ပေးထားပြီး ၂၀၂၂-၂၃ ရာသီ UEFA Nations League ပြိုင်ပွဲ၌လည်း ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိနေသည်။ ထို့ကြောင့် လူးဝစ်အင်းနရစ်၏ အရည်အချင်းပိုင်းနှင့်ပတ်သက်ပြီး သံသယရှိစရာမလိုသည်မှာက သေချာသည်။ သို့သော် စပိန်အသင်း၏ပြဿနာက ရွှေရောင်မျိုးဆက်ကာလနောက်ပိုင်း ကစားသမားသစ်များ ထွက်ပေါ်လာသော်လည်း B Class အဆင့်ရှိသူ များနေသောကြောင့် အရှိန်အဝါလျော့ကျသွားခြင်းဖြစ်သည်။ ယခု ပတ်ဒရီ၊ ဂါဗီတို့က ဒီကွက်လပ်ကို ဖြည့်တင်းနိုင်မည့်သူများဟု မျှော်လင့်ခံထားရပြီး ကွင်းတွင်းစွမ်းဆောင်ရည်ကပင် အဓိကအဆုံးအဖြတ်ပေးမည်ဖြစ်သည်။ 

■ အုပ်စုအလားအလာ

အုပ်စုအခြေအနေအရ စပိန်အသင်း အမှားအယွင်းလုံးဝ ဖြစ်ခွင့်မရှိသည့် အနေအထားဖြစ်သည်။ မဟာပြိုင်ဘက် ဂျာမနီ အသင်းနှင့် အုပ်စုဗိုလ်လုပွဲ ဆင်နွှဲရမည်ဖြစ်ပြီး အုပ်စုတွင်းအားအနည်းဆုံး ကော်စတာရီကာအသင်းနှင့် အဖွင့်ပွဲကစားရမည်က စပိန်အသင်းအတွက် အခွင့်အရေးကောင်းတစ်ခုဟု ဆိုရမည်ပင်။  အုပ်စုတွင်း ပထမ၊ ဒုတိယ မည်သည့်နေရာတွင် ရပ်တည်သည် ဖြစ်စေ စပိန်အနေဖြင့် (၁၆)သင်းအဆင့်တွင် တွေ့ဆုံရမည်က ဘယ်လ်ဂျီယံ(သို့မဟုတ်)ခရိုအေးရှား ဖြစ်ဖွယ်ရှိသောကြောင့် ချန်ပီယံခရီးက ခက်ခဲကြမ်းတမ်းနေသည်။ 

ကမ္ဘာ့ဖလားသမိုင်း

■  ယှဉ်ပြိုင်သည့်အကြိမ် - (၁၆) ကြိမ်

■  ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု - ရှုံးထွက် (၁၆)သင်းအဆင့်

■  ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု- ချန်ပီယံ(၂၀၁၀)

■  ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း - (၆၃) ပွဲကစား၊ (၃၀) ပွဲနိုင်၊ (၁၅) ပွဲသရေ၊ (၁၈) ပွဲရှုံး

ကမ္ဘာ့အဆင့်

■ အဆင့် - (၇)၊ ရမှတ် - ၁၇၁၅

လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား

■ ဘူးစကွက်စ် - (၁၃၉) ပွဲ

လက်ရှိသွင်းဂိုးအများဆုံး ကစားသမား

■ မိုရာတာ - (၂၇) ဂိုး



■ ဂျာမနီ

ဂျာမနီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကြိမ်တိုင်း ယှဉ်ပြိုင်ခွင့်ရသည့် ဘရာဇီးလ်အသင်းပြီးလျှင် ဒုတိယအများဆုံးအဖြစ် (၁၉)ကြိမ်အထိ ပါဝင်ဆင်နွှဲခွင့် ရရှိထားသည်။ ၂၀၁၈ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှ မမျှော်လင့်ဘဲ ထွက်ခဲ့ရသော်လည်း ၂၀၁၄ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ပြီး ယင်းမတိုင်မီ ရှေ့ပြိုင်ပွဲ(၃)ပွဲတွင်လည်း ထိပ်ဆုံး(၃)သင်းစာရင်းဝင်ခဲ့သည်။ ဂျာမနီအသင်း ယခုတစ်ကြိမ်ရင်ဆိုင်ရမည့် အုပ်စုအနေအထားက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကထက် ပိုမိုခက်ခဲလျက်ရှိသည်။ စပိန်အသင်းက ဂျာမနီအတွက် အဓိကအတားအဆီးဟု ဆိုရမည်ဖြစ်သော်လည်း ပြီးခဲ့သည့်ပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်း ဒုက္ခပေးခဲ့သကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း ဂျပန်အသင်းက ယင်းသို့လုပ်နိုင်စွမ်းရှိနေသည်။ ဂျာမနီအသင်းတိုက်စစ်တွင် ဗာနာ၊ မပါဝင်တော့သော်လည်း ဘိုင်ယန်အင်အားစုနှင့်ပင် အလုပ်ဖြစ်နိုင်သည်။ ဂျပန်အသင်းနှင့် အုပ်စုအဖွင့်ပွဲက ဂျာမနီအသင်းအတွက် ပထမဆုံး စမ်းသပ်မှုဖြစ်ပြီး ချန်ပီယံလမ်းကြောင်းက ကျပ်တည်းဖွယ်ရှိသည်။

ကမ္ဘာ့ဖလားသမိုင်း

■ ယှဉ်ပြိုင်သည့်အကြိမ် - (၂၀) ကြိမ်

■ ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု - အုပ်စု

■ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု - ချန်ပီယံ (၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀၊ ၂၀၁၄)

■ ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း - (၁၀၉) ပွဲကစား၊ (၆၇) ပွဲနိုင်၊ (၂၀) ပွဲသရေ၊ (၂၂) ပွဲရှုံး

ကမ္ဘာ့အဆင့်

■ အဆင့် - (၁၁)၊ ရမှတ် - ၁၆၅၀

လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား

■ မူလာ - (၁၁၈) ပွဲ

လက်ရှိသွင်းဂိုးအများဆုံး ကစားသမား

■ မူလာ - (၄၄) ဂိုး

■ ဂျပန်

ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျပန်အသင်းက (၇)ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်လာခြင်းဖြစ်ပြီး အာရှနံပါတ်(၁)အဆင့်မှ လျော့ကျသွားမှုနှင့်အတူ အသင်းအနေအထားကလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ရုန်းကန်ခဲ့ရသည်။ သို့သော် ဖရန့်ဖတ်အသင်းနှင့် အတူ ပိုမိုထွန်းတောက်လာသည့် ကာမာဒါကဲ့သို့ ကစားသမားမျိုးကြောင့် အားအနည်းဆုံးနေရာဖြစ်သည့် ဂျပန်တိုက်စစ်ပိုင်းအတွက် အနည်းငယ်စိတ်အေးစရာပင်ဖြစ်သည်။ ထိပ်သီးအသင်းများဖြစ်သည့် စပိန်၊ ဂျာမနီတို့နှင့် တစ်အုပ်စုတည်းကျရောက်နေမှုကြောင့် ဂျပန်အသင်း၏ နောက်တစ်ဆင့်တက်ခွင့်က ဖြစ်နိုင်ခြေနည်းပါးလွန်းလှသည်။ ရုရှားကမ္ဘာ့ဖလားတွင် အုပ်စုကျော်ခဲ့သော်လည်း ဂျပန်အနေဖြင့် အုပ်စုအဆင့်နှင့် ရှုံးထွက်အဆင့် တစ်လှည့်စီသွားနေသည့် အစဉ်အလာက ယခုပြိုင်ပွဲတွင်လည်း ဆက်လက်တည်ရှိသွားရန်များသည်။ အုပ်စုတတိယနေရာသည်သာ ဂျပန်အတွက် အဖြစ်သင့်ဆုံးဖြစ်သည်။

ကမ္ဘာ့ဖလားသမိုင်း

■ ယှဉ်ပြိုင်သည့်အကြိမ် - (၇) ကြိမ်

■ ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု - ရှုံးထွက် (၁၆)သင်းအဆင့်

■ ကမ္ဘာ့ဖလားတွင် အမြင့်ဆုံးအောင်မြင်မှု    - ရှုံးထွက် (၁၆)သင်း (၂၀၀၂၊ ၂၀၁၀၊ ၂၀၁၈)

■ ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း - (၂၁) ပွဲကစား၊ (၅) ပွဲနိုင်၊ (၅) ပွဲသရေ၊ (၁၁) ပွဲရှုံး

ကမ္ဘာ့အဆင့်

■ အဆင့် - (၂၄)၊ ရမှတ် - ၁၅၅၉

လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား

■ နာဂါတိုမို - (၁၃၇) ပွဲ

လက်ရှိသွင်းဂိုးအများဆုံး ကစားသမား

■ အိုဆာကို - (၂၅) ဂိုး



■ ကော်စတာရီကာ

ကော်စတာရီကာအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ် မြောက် ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ကာ ဘောလုံးကမ္ဘာကို နောက်တစ်ကြိမ် ကိုင်လှုပ်နိုင်မည့် အနေအထားတော့ မရှိတော့ပေ။ ဘရာဇီးလ်ကမ္ဘာ့ဖလား ရွှေရောင်မျိုးဆက်ဖြစ်သည့် နာဗတ်စ်၊ ဘရိုင်ယန်ရုဇ်၊ ဂျိုယဲလ်ကမ်းဘဲလ်၊ ဘော်ဟက်စ်၊ ဒွါတေတို့အတွက် နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး အုပ်စုအနေအထားအရ အမှတ်ရရန်ပင် ရုန်းကန်ရဖွယ်ရှိသည်။ ၂၀၁၄ ကမ္ဘာ့ဖလားတွင် ယခုထက် ပိုမိုကျပ်တည်းသည့် အင်္ဂလန်၊ အီတလီ၊ ဥရုဂွေး အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်ရန် ခက်ခဲလွန်းလှသည်။  ကာတာကမ္ဘာ့ဖလားသည် ကော်စတာရီကာ၏ ဂန္ထဝင်ကစားသမားများအတွက် နှုတ်ဆက်ပြိုင်ပွဲတစ်ခုသာ အမှတ်တရ ဖြစ်ဖွယ်ရှိသည်။

ကမ္ဘာ့ဖလားသမိုင်း

■ ယှဉ်ပြိုင်သည့်အကြိမ် - (၆) ကြိမ်

■ ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု - အုပ်စု

■ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု - ကွာတားဖိုင်နယ်(၂၀၁၄)

■ ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း - (၁၈) ပွဲကစား၊ (၅) ပွဲနိုင်၊ (၅) ပွဲသရေ၊ (၈) ပွဲရှုံး

ကမ္ဘာ့အဆင့်

■ အဆင့် - (၃၁)၊ ရမှတ် - ၁၅၀၃

လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား

■ ဆယ်လ်ဆိုဘိုဂတ်ဒ် - (၁၅၄) ပွဲ

လက်ရှိသွင်းဂိုးအများဆုံး ကစားသမား

■ ဘရိုင်ယန်ရုဇ် - (၂၉) ဂိုး

Most Read

Most Recent