အိန္ဒိယကလပ်တွင် ကစားခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တိုက် စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် သစ္စာအားမာန်အသင်းတွင် ပါဝင်ကစားနေကြောင်း သိရသည်။
ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယအမျိုးသမီးကလပ် Lords FA အသင်းတွင် (၃)လစာ ချုပ်ဖြင့် သွားရောက်ကစားပြီးနောက် ပြိုင်ပွဲ ပြီးဆုံးသွားသဖြင့် မြန်မာအမျိုးသမီးကလပ် သစ္စာအားမာန်အသင်းတွင် ပြန်လည်ကစားနေခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီးဘောလုံးသမားများတွင် ပထမဆုံး ပြည်ပထွက်ကစားသူအဖြစ် မှတ်တမ်းဝင်ထားပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ဧပြီအထိ အိန္ဒိယကလပ် ဂိုကူလမ်အသင်း၊ ၂၀၂၂ ခုနှစ် သြဂုတ်မှ အောက်တိုဘာအထိ အိန္ဒိယကလပ် Lords FA အသင်းတို့တွင် ကစားခဲ့ခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် ယင်းနှစ်သင်းစလုံးတွင် အမာခံကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် Lords FA အသင်းတွင်မူ ချန်ပီယံဆုရရှိရုံသာမက တစ်ဦးချင်းအကောင်းဆုံးဆုများလည်း ဆွတ်ခူးရရှိခဲ့သည်။
ဝင်းသိင်္ဂီထွန်းသည် ၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့မှသာ သစ္စာအားမာန်အသင်းတွင် ပါဝင်ခွင့်ရခြင်းဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် ပထမဆုံးပွဲမှာပင် သစ္စာအားမာန်အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီး ကလပ်အသင်းတွင် အသင်းသစ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်(၃)ရာသီတွင် မြဝတီအသင်း၌ ကစားခဲ့ပြီး ယခုရာသီတွင် အသင်းသစ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။















