လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင်း ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်မှရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၀၀ နီးပါးအထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ခုနစ်လအတွင်း ပြည်ပမှ ရင်း နှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၁ ဒသမ ၇၁၃ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၂ ဒသမ ၀၁၁ ဘီလျံအထိ တင်သွင်းထားခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် တင်သွင်းမှုဒေါ်လာ ၂၉၈ ဒသမ ၅၃၅ သန်းအထိလျော့ကျခဲ့ခြင်း ဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ်၊ သြဂုတ်လအထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ရင်းနှီး မြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၉၄ ဘီလျံကျော် လာရောက်ရင်းနှီး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
အဆိုပါကာလအတွင်း အဓိကလာရောက်ရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေးလုပ်ငန်းများမှာ စွမ်းအင်လုပ်ငန်း၊ ရေနံနှင့်သဘာ ဝဓာတ်ငွေ့လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊သယ် ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းစသည်တို့၌ လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ဟောင်ကောင်နိုင်ငံများမှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သိရသည်။
မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ခြောက်လဆက်တိုက် ဆုတ်ယုတ်လျက်ရှိပြီး ကုန်ကြမ်းရှားပါးမှုနှင့် စွမ်းအင်ပြတ် တောက်မှုက ထုတ်လုပ်မှုကို ဆက်လက်ထိုးနှက်နေကြောင်း နိုဝင်ဘာ ၁ ရက်တွင် S&P Global Market Intelligence မှ ထုတ်ပြန်သည့် မြန်မာထုတ်လုပ်မှု PMI စစ်တမ်း၌ ဖော်ပြထားသည်။
“နောက်ဆုံး ထုတ်လုပ်မှုအညွှန်းကိန်း PMI ဒေတာအရ ဝယ်လိုအားအခြေအနေအားပျော့လာနေပြီး ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများ ဆက်လက်ရှိနေသည့် အကြားမှာ မြန်မာထုတ်လုပ်ရေးကဏ္ဍက ခြောက်လမြောက် ဆက်တိုက်ကျဆင်းမှုကို အစီရင်ခံခဲ့ကြပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။
အဓိကအကျဆုံး မြန်မာထုတ်လုပ်မှုအညွှန်းကိန်း PMI သည် ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလတွင် ၄၃ ဒသမ ၁ ရှိရာမှ အောက်တို ဘာလတွင် ၄၅ ဒသမ ၇ သို့ တက်လှမ်းလိုက်ခြင်းက ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် အခြေအနေများ ခြောက်လဆက်တိုက် ဆုတ်ယုတ်လျက်ရှိနေခြင်းကို အချက်ပြနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုနှင့် စွမ်းအင်ပြတ်တောက်မှုများက ထုတ်လုပ်မှုကို ဆက်လက်ထိုးနှက်နေသည့်အပြင် စျေးဝယ်များ ရင်ဆိုင်နေကြရသည့်ဘဏ္ဍာရေးအကျပ် အတည်းများကြောင့် ရောင်းချရေးအခြေအနေမှာလည်း အားပျော့လာခဲ့ကြောင်း ဖော်ပြ ထားသည်။