Street Woman Fighter အစီအစဉ်၏ Holy Bang အဖွဲ့ဝင် ဟန်နီဂျေက ၎င်း၏ မင်္ဂလာပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရ သည်။
ဟန်နီဂျေက “ကျွန်မရဲ့မင်္ဂလာပွဲကို နိုဝင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါပြီ”ဟု နိုဝင်ဘာ ၃ ရက်က ၎င်း၏ Instragam တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ရုတ်တရက် အီထယ်ဝန်မတော်တဆမှုမှာ သေဆုံးသူတွေ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ မျှော်လင့်ရင်း ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ဝမ်းနည်းမိပါတယ်။ ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းလျက် လူတိုင်းဘေးကင်း ကျန်းမာပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
လွန်ခဲ့သည့်လက ဟန်နီဂျေသည် ၎င်း၏ မင်္ဂလာပွဲနှင့် ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အီထယ်ဝန်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကိုရီးယားအစိုးရက နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းနေ့ကို နိုဝင်ဘာ ၅ ရက်နေ့အထိ ထုတ်ပြန်ကြေညာခဲ့သည်။









