AW Foundation က ဒေါ်လာ ၃ ဒသမ ၁ သန်းနှင့် ကျပ်ခြောက်ဘီလျံ အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းသည့် ခုတင် ၁၁၀ ဆံ့အထူးကုဆေးရုံကြီး (ဝေဘာဂီ) ကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဓမ္မသုခလမ်းရှိ အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင်ကျင်းပခဲ့ကြောင်း သိရသည်။
AW Foundationမှ က ဆောက်လုပ် လှူဒါန်းသည့် အထူးကုဆေးရုံကြီး(ဝေဘာဂီ) ကုသဆောင်သစ်အား ၇၅ နှစ်မြောက် စိန် ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးချုပ်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းမှူးရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနတို့အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
“ဝေဘာဂီအထူးကုဆေးရုံကြီးက ခုတင် ၂ဝဝဆံ့ ကူးစက်ရောဂါတွေကို အဓိကကုသ မှုဆောင်ရွက်ပေးနေတဲ့ ဆေးရုံဖြစ်ပြီး HIV လူနာ၊ တီဘီရောဂါတွေနဲ့ ကူးစက်မြန်ရောဂါတွေဖြစ်တဲ့ SARS ရောဂါ၊ H1N1 ရောဂါ၊ Ebola သံသယလူနာတွေနဲ့ ကိုဗစ်-၁၉ ရောဂါလူနာတွေကို ကုသစောင့်ရှောက်ပေးနေတာဖြစ်ပေမယ့် ကူးစက်မြန်ရောဂါတွေအတွက် ရောဂါပိုးကူးစက်မှု ကာကွယ်နိုင်တဲ့ အထူးစနစ်တွေပါဝင်တဲ့ အဆင့်မီအဆောက်အဦ လိုအပ်နေတာကြောင့် အလှူရှင် AW Foundationရဲ့ကမ်းလှမ်းမှုအပေါ် ခုလိုအဆောက်အဦတည်ဆောက်နိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကူးစက်မြန်ရောဂါတွေ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဝေဘာဂီအထူးကုဆေးရုံကြီးကို Center of Excellence အဓိက ဌာနကြီးအဖြစ် ဆက်လက် ဆောင်ရွက်နိုင်သည်အထိ ရည်မှန်းဆောက်လုပ်ထားတာကြောင့် ယနေ့ ဖွင့်လှစ်လိုက်တဲ့ အဆောက်အဦမှအစပြုပြီး ကုသရေးအပြင် သုတေသနလုပ်ငန်းတွေ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ၊ လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေးအတွက် လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။
ခုတင် ၁၁၀ ဆံ့အထူးကု ဆေးရုံကြီး (ဝေဘာဂီ)ကုသဆောင်သစ်အား AW Foundation က ဒေါ်လာ ၃ ဒသမ ၁ သန်းနှင့် ကျပ် ခြောက်ဘီလျံအကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး ခုတင် ၁၁၀ ပါဝင်ကာ အထူးကြပ်မတ်ကုသနိုင်သည့် ခုတင် ၁၂ ခုတင်၊ အောက်ဆီဂျင်ပေး၍ ကြီးကြပ်ကုသနိုင်သည့် HDU ခုတင် ၂၅ ခုတင်နှင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်သည့် လေဖိအားစနစ်တပ်ဆင်ထားသည့် သီးသန့်လူနာခုတင် ၇၃ ခုတင်ပါဝင်သည့်အပြင် Oxygen Plant တစ်ခု၊ Sewage Treatment တစ်ခု၊ 8 KVA မီးစက်ကြီးတစ်လုံး၊ 800 KVA Transformer တစ်လုံးပါဝင်ကြောင်း သိရသည်။
“ပြည်သူများနှင့် တစ်သားတည်းအတူတကွ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီသို့ ကျွန်တော်တို့ AW Foundationရဲ့ မျှော်မှန်းချက် ကို အခြေခံပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ဝေဘာဂီ ဆေးရုံအဆင့်မြင့်ကုသဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းဖို့ အုတ်မြစ်ချ မြေသန့်မင်္ဂလာကို စတင်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဝေဘာဂီဆေးရုံ အဆင့်မြင့် ကုသဆောင်သစ်ကြီးဟာ ကူးစက်ရောဂါများနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ကူးစက်မြန်ကပ်ရောဂါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာ ပြည်သူ့အကျိုးပြု အခြေခံအဆောက်အဦကောင်း တစ်ခုအဖြစ် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒီ အဆင့်မြင့်ကုသဆောင်သစ်ထဲမှာဆိုရင် ICU နဲ့ HDU အခန်းများ၊ သီးသန့်လူနာခန်းများ၊ လေဝင်လေထွက် ထိန်းချုပ်မှုစနစ်၊ အောက်ဆီဂျင်စက်ရုံ၊ လေသန့်စင်စက်ရုံ၊ လျှပ်စစ်ကဏ္ဍအတွက် အရံအသုံးပြုဖို့ အသံလုံမီးအားထုတ်စက်အပြင် ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေမှုမရှိတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် ဆိုလာပြားများကို ဆေးရုံခေါင်မိုးထက်မှာ စနစ်ကျစွာ တပ်ဆင်ပေး ထားပါတယ်”ဟု AW Foundation က တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။