မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ခြောက်လဆက်တိုက် ဆုတ်ယုတ်လျက်ရှိပြီး ကုန်ကြမ်းရှားပါးမှုနှင့် စွမ်းအင်ပြတ်တောက်မှုက ထုတ်လုပ်မှုကို ဆက်လက်ထိုးနှက်နေကြောင်း နိုဝင်ဘာ ၁ ရက်တွင် S&P Global Market Intelligence မှ ထုတ်ပြန်သည့် မြန်မာထုတ်လုပ်မှု PMI စစ်တမ်း၌ ဖော်ပြထား သည်။
“နောက်ဆုံး ထုတ်လုပ်မှုအညွှန်းကိန်း PMI ဒေတာအရ ဝယ်လိုအားအခြေအနေ အားပျော့လာနေပြီး ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများ ဆက်လက်ရှိနေသည့်အကြားမှာ မြန်မာထုတ်လုပ်ရေးကဏ္ဍက ခြောက်လမြောက် ဆက်တိုက်ကျဆင်းမှုကို အစီရင်ခံခဲ့ ကြပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။
အဓိကအကျဆုံး မြန်မာထုတ်လုပ်မှုအညွှန်းကိန်း PMI သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ၄၃ ဒသမ ၁ ရှိရာမှ အောက်တို ဘာလတွင် ၄၅ ဒသမ ၇ သို့ တက်လှမ်းလိုက်ခြင်းက ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် အခြေအနေများ ခြောက်လဆက်တိုက် ဆုတ်ယုတ်လျက်ရှိနေခြင်းကို အချက်ပြနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
သို့သောလည်း ထုတ်လုပ်ရေးကဏ္ဍမှာ ကျဆင်းမှုအခြေအနေတွင် ကျန်ရစ်လျက်ရှိနေသည့်တိုင်အောင် ၂၀၂၂ ခုနှစ်၊ အောက် တိုဘာလတွင် မှတ်တမ်းတင်ဖြစ်ခဲ့သည့်နှုန်းမှာ အားပျော့လာခဲ့ခြင်းကြောင်း သိရသည်။
ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုနှင့် စွမ်းအင်ပြတ်တောက်မှုများက ထုတ်လုပ်မှုကို ဆက်လက်ထိုးနှက်နေသည့်အပြင် စျေးဝယ်များ ရင်ဆိုင်နေကြရသည့်ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် ရောင်းချရေးအခြေအနေမှာလည်း အားပျော့လာခဲ့ကြောင်း ဖော်ပြ ထားသည်။
“လက်ရှိမှာက အလုပ်ကရပ်လိုက်တာ လဲမဟုတ်ဘူး။ OT (အချိန်ပို)မဆင်းရတော့ဘူး။ Daily ကြေးပဲရတော့တယ်။ အရင်လို အပိုဝင်ငွေမရတော့ဘူးပေါ့။ ဂိုဒေါင်ထဲမှာလည်း ချုပ်ဖို့အတွက် လက်ကျန်နည်းနေတာပေါ့။ အဲတော့ အချိန်ဆွဲချုပ်ရတဲ့သဘော ပေါ့နော်။ အလုပ်သမားတွေ အလုပ်မရှိတာတော့ မဖြစ်တော့ဘူး။ အရင်လို OT ကြေးတွေ မရတော့ ဝင်ငွေပိုင်းတော့ နည်းနည်းလျော့ သွားတာပေါ့“ ဟု ရွှေပြည်သာမြို့နယ်အတွင်းရှိ မြန်မာ-ဂျပန် ဖက်စပ်အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ပြောကြားသည်။
ကုန်ကြမ်းရှားပါးမှုများရှိနေသော်လည်း ကုမ္ပဏီများ၏သုံးသပ်မှုမှာ အောက်တိုဘာလတွင် ယခင်လများထက် လုပ်ငန်းဆိုင်ရာ ယုံကြည်မှု မသိမသာတိုးတက်လာကြောင်း အစီရင်ခံခဲ့ကြောင်း၊ သို့သော်လည်း ယုံကြည်မှုအဆင့်မှာမူ အသင့်အတင့်မျှသာဖြစ်ပြီး ရေရှည်သမိုင်းစဉ် ပျှမ်းမျှထက် နိမ့်ကျလျက် မှတ်တမ်းတင်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။










