ပို့ကုန်ရငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုကိုအခြေခံ၍ သွင်းကုန်တင်သွင်းမှု ခွင့်ပြုမည်ဖြစ်ပြီး ကနဦးအနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးမည်

ပို့ကုန်ရငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုကိုအခြေခံ၍ သွင်းကုန်တင်သွင်းမှု ခွင့်ပြုမည်ဖြစ်ပြီး ကနဦးအနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးမည်
မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်ကို ယခင်နှစ်က တွေ့ရစဉ်
မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်ကို ယခင်နှစ်က တွေ့ရစဉ်
Published 1 November 2022

နိုဝင်ဘာ ၁ ရက်မှစတင်ပြီး ပို့ကုန်ရငွေ သို့မဟုတ် အခြားဝင်ငွေ ဝင်ရောက်မှုကို အခြေခံ၍ သွင်းကုန်တင်သွင်းမှုကို ခွင့်ပြုပေးမည်ဖြစ်ကြောင်းနှင့် ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်အဖွဲ့ (Finacial Action Task Fone-FATF)၏ အစီရင်ခံစာအပေါ်လိုက်နာအကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေးအတွက်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေး၌ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေပေးချေမှုစနစ်တကျရှိစေရေးအတွက်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်ပစ္စည်းများ တင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။

သွင်းကုန်ပစ္စည်းများတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့်လုပ်ခလွှဲပို့ငွေအပါအဝင် အခြားဝင်ငွေများကို အသုံးပြုတင်သွင်း ခွင့်ပြုမည်ဖြစ်သည်။ သွင်းကုန်တင်သွင်းသူများအနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှတဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို ပေးချေဆောင်ရွက်ရာတွင် ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သွင်းကုန်တင်သွင်းများအတွက် ပို့ကုန်မှရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေ ဝင်ရောက်မှုများကိုအခြေခံ၍ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သွင်းကုန်တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေ ဝင်ရောက်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်နောက်ပိုင်းဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်ဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို ၂၀၂၂ ခု နှစ်၊ နိုဝင်ဘာ ၃၀ ရက်မတိုင်မီ ပြီးပြတ်အောင် တင်သွင်းကြရန်နှင့် သတ်မှတ်ကာအတွင်း တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်ပြယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီသည် ရရှိသောပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ၊ အခြားကုမ္ပဏီတစ်ခုခုသို့လွှဲပြောင်းပေး၍ သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ၊ ပို့ကုန်မှရရှိသည့်ဝင်ငွေကို အသုံးပြု၍သွင်းကုန်ပစ္စည်းတင်သွင်းရာတွင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်းသုံးစွဲနိုင်သည်။

ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုသည့်ကုမ္ပဏီက တင်ပြလာသော ပို့ကုန်မှရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုပမာဏကိုစိစစ်၍ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏ ထက်မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်သည်။

 

Most Read

Most Recent