ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၀၀၀ ရှိနေကြောင်း သိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၀၀၀ ရှိနေကြောင်း သိရ
Published 27 October 2022

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၀၀၀ ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ထားပြီးငွေလဲကောင်တာအများစုတွင် ဒေါ်လာဝယ်ယူမှုသာရှိပြီး ရောင်းချပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက သုံးထောင်ကျော်နဲ့ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင်တာအချို့မှာ ၃၁၀၀ နဲ့ ဝယ်ပေးနေတာတော့တွေ့တယ်။ အပြင်စျေးကွက်မှာလည်း ဒေါ်လာစျေးက ၃၂၀၀ ဝန်းကျင်မှာ ငြိမ်နေတဲ့သဘောပေါ့”ဟု နိုင်ငံခြား ငွေကြေးရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၉၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၂၁၃၀ ကျပ်၊ မလေးရှားရင်းဂစ် ၆၅၀ ကျပ်၊ ထိုင်းဘတ် ၈၂ ကျပ်၊ တရုတ်ယွမ် ၄၃၅  ကျပ်၊ ဂျပန်ယန်း ၂၂ ကျပ်တို့ဖြစ်သည်။ နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများလွယ်ကူစွာရရှိနိုင်ရေး၊ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ ထပ်မံ၍အတိုးနှုန်းမြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိသည်။ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)၏ စောင့် ကြည်ရမည့်နိုင်ငံနှင့် ဒေသများစာရင်းမှ လွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။

 

 

 

Most Read

Most Recent