Photo - လင်းဓန (မွန်)
မွန်ပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲလူနာကလေးငယ်များအား “ ရာမည အပြုံး”အစီအစဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး (ကုတင် - ၅၀၀) ရှိ အထူးကုဆရာဝန်ကြီးများ နှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ သမားတော်ကြီးများမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသမှုပေးနေကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ မျက်စိအတွင်းတိမ်၊ မျက်စိအပြင်တိမ်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အစရှိသည့် ရောဂါဝေဒနာများ ခံစားနေရသူများစာရင်းအား (၂၀၂၁) ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စာရင်းကောက်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစာရင်းများအရ မွန်ပြည်နယ်အတွင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှိ (၂၂၁) ဦးရှိကြောင်း၊ ထိုအထဲမှ နှုတ်ခမ်းကွဲသူ (၄၄) ဦးရှိပြီး နှုတ်ခမ်းရော အာခေါင်ပါကွဲနေသူများလည်းရှိပါကြောင်း နှင့် လက်တလော နှုတ်ခမ်းကွဲဝေဒနာရှင်ကလေးငယ် (၂၃) ဦးအား စစ်ဆေးကုသပေးမှုများ လုပ်ဆောင်ပေးနေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း ၏ ပြောကြားချက်များအရ သိရသည်။
၎င်းကဆက်လက်ပြီး “အရင်ကဆိုရင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို ကုသပေးနိုင်ဖို့က Team တွေလာမှ ခွဲစိတ်ကုသမှုတွေလုပ်ပေးနိုင်တာပါ။ အခုကကံကောင်းချင်တော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို ကုသပေးနိုင်တဲ့ မျက်နှာ၊ မေးရိုးနှင့် ခံတွင်း ဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်ဇင်က တာဝန်ကျနေပါတယ်။ အဲ့ဒါနဲ့ တစ်ပတ်ကို လူနာတစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ် နိုင်ငံတော်ရဲ့ ကုန်ကျစရိတ်နဲ့ ကုသပေးနိုင်ဖို့ အထူးကုဆရာဝန်ကြီးကို Request လုပ်ခဲ့ပါတယ်။ ဆရာကြီးကလည်း ဆောင်ရွက်ပေးမယ်ဆိုတော့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ လူနာတွေကို ရက်သတ္တတစ်ပတ်ကို နှစ်ဦးနှုန်းနဲ့ ကုသပေးခဲ့တာ အခုဆိုရင် လူနာ (၄) ဦးလောက်ကုသပေးပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။
“ဒါက ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ပြည်သူတွေထဲမှာ တွေ့ရှိရတဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေကို တင်ပြလာတဲ့ခါမှာ ကုသရေးအပိုင်းက ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက ကုသမှုတွေလုပ်ဆောင်ပေးလိုက်တာပါ။ ဒါမှလည်း ပြည်သူကြားထဲမှာ ကျန်းမာရေးစနစ်ကို ပိုမိုပြီးတော့ ယုံကြည်အားကိုးလာကြမှာဖြစ်ပါတယ်။ အဲ့ဒီအပြင်ကို ပြည်သူအနေနဲ့ ကျန်းမာရေးစနစ်ကို ပိုပြီးတော့ ယုံကြည်အားကိုးလာနိုင်ဖို့အတွက်ကိုလည်း ရည်စူးပြီးတော့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒဝင်းက ဆက်လက်ပြောကြားသည်။
မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခွဲကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား ကုသပေးနေသည့်အပြင်၊ မျက်စိအတွင်းတိမ် ဝေဒနာရှင်များကိုလည်း “မရှိ၍ မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် တစ်ပတ်လျှင် လူနာ (၁၀) ဦးကျော်အား အခမဲ့ခွဲစိတ်ကုသပေးလျှက်ရှိကြောင်း၊ ၎င်းအပြင် မြို့နယ်များသို့ကွင်းဆင်းကာ ခွဲစိတ်ကုသမှုများလည်းဆောင်ရွက်နေကြောင်းနှင့် ယင်းအစီအစဉ်များနှင့်ပတ်သက်ပြီး လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်လှူဒါန်းပေးနိုင်ကြောင်း သိရသည်။















