စီးပွားရေးပညာ (Economics) နှင့် စီးပွားရေးလုပ်ငန်းပညာ (Business)

စီးပွားရေးပညာ (Economics) နှင့် စီးပွားရေးလုပ်ငန်းပညာ (Business)
Published 17 October 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

၁၉၈၂ ခုနှစ်တွင် စာရေးသူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာအထူးပြု ဘွဲ့ကြိုတန်း တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ ထိုစဉ်အချိန်အခါက ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဘက်ချလာဘွဲ့ဟု ခေါ်ဆိုကြသည့် အခြေခံဘွဲ့များ ချီးမြှင့်နိုင်သည့် အဓိက ဘာသာရပ်ကြီးများနှင့် ဌာနများအဖြစ် ဖွဲ့စည်းထားရှိသည်မှာ B.Com သာ ဘွဲ့ချီးမြှင့်နိုင်စေရန် ၀ါဏိဇ္ဇ ဗေဒနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည့် ၀ါဏိဇ္ဇဗေဒဌာန၊ B.Com (Economics) ဘွဲ့ချီးမြှင့်နိုင်စေရန် စီးပွားရေးပညာ ဘောဂဗေဒနှင့်သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည့် ဘောဂဗေဒဌာန၊ B.Econ (Economics)ဘွဲ့ချီးမြှင့်နိုင်စေရန် စာရင်းအင်းပညာနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည့် စာရင်းအင်းပညာဌာနစသည်ဖြင့် အဓိကဘာသာရပ်ကြီး သုံးခု၊ ဌာနကြီးသုံးဌာနနှင့် ကျန်ဘာသာရပ် အထောက်အကူဌာနများဖြစ်ကြသည့် မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ သချင်္ာဌာန၊ ပထဝီဝင်ဌာန စသည်ဖြင့် ဖွဲ့စည်းထားရှိပါသည်။

သုတေသနနှင့် စီမံခန့်ခွဲမှုပညာဌာနအမည်ဖြင့် ဖွဲ့စည်းထား ရှိသည်ကိုတွေ့ရှိရပါသော်လည်း ဘက်ချလာဘွဲ့ ပေးအပ်သည်ကိုမူ မတွေ့မြင်ခဲ့ရပါ။ ဒီပလိုမာဘွဲ့များကိုမူ သက်ဆိုင်ရာဌာနအသီးသီးက ပေးအပ်ချီးမြှင့်လျက်ရှိပါသည်။

စာရေးသူတို့ ဘွဲ့ကြိုတန်းတက်ရောက်နေစဉ်အချိန်ကာလ တိုင်းပြည်နိုင်ငံ၏ နိုင်ငံရေးစနစ်သည် တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ကာ နိုင်ငံတော်ကောင်စီက စီမံအုပ်ချုပ်ရေးကို တာဝန်ယူလျက် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည့် အချိန်ကာလလည်း ဖြစ်နေပါသည်။

ထို့ကြောင့် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် ထိုစဉ်အချိန်အခါက ကျင့်သုံးအကောင်အထည်ဖော် လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများအရ စီးပွားရေးပညာ (Economics) နှင့် စီးပွားရေးလုပ်ငန်းပညာ (Business) ကို ကွဲပြားစွာ ခွဲခြားပြီး သိမြင်နားလည်နိုင်စေရေးမှာ လွန်စွာ ခက်ခဲစေလျက်ရှိပြီး များစွာအလှမ်းကွာဝေးလျက် ရှိနေပါသည်။ ယနေ့အချိန်အခါတွင်လည်း စီးပွားရေးလုပ်ငန်းပညာ (Business) နှင့် ပတ်သက်သည့် ဘာသာရပ်ကြီးကို တာဝန်ယူဆောင်ရွက်မည့် ဌာနအဖြစ် စီးပွားရေးတက္ကသိုလ်ကြီးများတွင် ဖွဲ့စည်းထားရှိခြင်း မရှိနိုင်သေးသကဲ့သို့ သီးခြားဘာသာရပ်တစ်ခု သို့မဟုတ် တက္ကသိုလ်တစ်ခုအနေဖြင့်လည်း ရပ်တည်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။

စာရေးသူ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိစဉ် တာဝန်ရှိသူအချို့က စီးပွားရေးပညာ (Economics) နှင့် စီးပွားရေးလုပ်ငန်းပညာ (Business) မည်ကဲ့သို့ ကွဲပြားခြားနားပါသလဲ ဆိုသည့် မေးခွန်းကို မေးမြန်းစုံစမ်းခဲ့သည့်ဟု ကြားသိခဲ့ရပါသည်။ အဆိုပါ ကြားသိခဲ့ရသည့် အချိန်ကတည်းကပင် စာရေးသူသည် စီးပွားရေးပညာ (Economics) နှင့် စီး ပွားရေးလုပ်ငန်းပညာ (Business) ဘာသာရပ်နှစ်ခု၏ ကွဲပြားခြားနားပုံကို စာရေးသူ သိမြင်နားလည်သမျှ၊ စာရေးသူ လက်လှမ်းမီသည့် အကြောင်းအရာများကို အခြေခံကာ ရေးသားတင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်မည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

ယခု စာရေးသူ ရေးသားတင်ပြမည့် ဆောင်းပါးကို စီးပွားရေးပညာရှင် သို့မဟုတ် ဘောဂဗေဒပညာရှင် တစ်ဦးဦးက ရေးသားတင်ပြနိုင်မည်ဆိုပါက စာရေးသူ ရေးသားတင်ပြသည်ထက် ပိုမို ပြည့်စုံကောင်းမွန်မည်ဟု ထင်မြင်ယူဆပါသည်။ သို့သော်လည်း စာရေးသူအနေဖြင့် စာရင်းအင်းပညာဘာသာရပ်ကို အခြေခံကာ စာရေးသူ၏ အတွေ့အကြုံ၊ သိမြင်ခံစားရသည့်အချက်များ၊ လေ့လာထားရှိသည့် အချက်အလက်များကို အခြေခံကာ စာရေးသူ၏ အမြင်သက်သက်ဖြင့် ကြိုးစားပြီး တင်ပြပါမည်။

ယခုတင်ပြသည့် ဆောင်းပါးသည် မြန်မာဘာသာသို့ ပြန်ဆိုကြရာတွင် အနီးစပ်ဆုံး ဖြစ်နေလျက်ရှိသည့် စီးပွားရေးပညာ ဘောဂဗေဒ (ECONOMICS) နှင့် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) တို့၏သဘော သဘာဝနှင့် ကွဲပြားခြားနားမှုကို ဦး စားပေးတင်ပြရခြင်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ဘာသာရပ်သည် စီးပွားရေးပညာ ဘောဂဗေဒ (ECONOMICS) နှင့် သော်လည်းကောင်း၊ ၀ါဏိဇ္ဇဗေဒ (Commerce) နှင့်သော်လည်းကောင်း၊ စာရင်းအင်းပညာ (Statistics) နှင့်သော်လည်းကောင်း ဆက်စပ် ပတ်သက်လျက်တည်ရှိနေပါသည်။ အဆင်ပြေ သင့်တော်သည့်အချိန်တွင် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) နှင့် ပတ်သက်သည့် အကြောင်းအရာကို သီးခြားခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ်ရေးသား တင်ပြပါမည်။

အလျဉ်းသင့်သဖြင့် တင်ပြလိုသည့်အချက်မှာ စာရေးသူတို့ ဘွဲ့ကြိုကျောင်းသားဘဝနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်စဉ် အချိန်ကာလများက တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားလျက်ရှိကြသည့် လူပုဂ္ဂိုလ်ကြီးများသည် သုတေသနလုပ်ငန်းများအပေါ်တွင် အထင်အမြင်လွဲမှားလျက်ရှိပြီး စီးပွားရေးတက္ကသိုလ်နှင့် ဆက်စပ်ပတ်သက်လျက်ရှိသော သုတေသနလုပ်ငန်းများ၊ သုတေသနအဖွဲ့အစည်းများနှင့် ဌာနများကို တစ်ချက်လွှတ်အမိန့်ပေးကာ ဖျက်ပစ်ခဲ့ကြောင်း ကြားသိခဲ့ရပါ သည်။ ထိုကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ကြောင်းကို သက်သေအထောက်အထားနှစ်ရပ်ကို အခြေပြုကာ ရှင်းလင်း တင်ပြပါမည်။

ပထမအထောက်အထားအနေဖြင့် ၁၉၁၀ ပြည့်နှစ်က တည်ထောင်ထားရှိခဲ့သည့် မြန်မာနိုင်ငံသုတေသနအသင်း (Burma Reserch Society) ကြီးကို ၁၉၈၀ ပြည့်နှစ်ကာလ၊ မြန်မာနိုင်ငံ သုတေသနအသင်း နှစ် (၇) ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာရှိ အခန်းကလေးအတွင်း ဒုတိယနေ့ စာတမ်းဖတ်ပွဲကျင်းပနေစဉ် နေ့လယ်ပိုင်း ၃ နာရီခန့် တိုင်းပြည် နိုင်ငံတော်၏ အာဏာအကြီးဆုံးကို ရယူထားရှိသည့် လူပုဂ္ဂိုလ်ကြီး ရောက်ရှိလာကာ အောက်ပါအတိုင်း ပြောကြားပြီး မိနစ်ပိုင်းအတွင်းမှာပင် နှစ်ပေါင်း ၇၀ ကြာတည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံသုတေသန အသင်းကြီးမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း ကြားသိခဲ့ရပါသည်။ ပြောကြားခဲ့သည့် စကားကို မူရင်းစာရေးသူ တင်ပြထားသည့်အတိုင်း တင်ပြပါသည်။

“ကျုပ် ဒီမြန်မာနိုင်ငံသုတေသန စာတမ်းဖတ်ပွဲကို ရောက်လာရတဲ့အကြောင်းက တခြားအကြောင်း။ ဒီမြန်မာနိုင်ငံသုတေသနအဖွဲ့ဆိုတာ ဗြိတိသျှ ကိုလိုနီခေတ်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း။ ဒါဟာကျုပ် တို့အဖို့ မလိုလားအပ်တဲ့ အဖွဲ့အစည်းမျိုးဖြစ်တာမို့ ကျုပ်ကိုယ်တိုင် ဒီအသင်းကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာကြောင်း အသိလာပေးတာ ဖြစ်တယ်” (Reference : 2). ဖော်ပြပါအကြောင်းအရာကို စာရေးသူနှင့်အတူ အဆောင်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် စာရေးသူ၏ ဆရာကြီးဖြစ်သူထံမှလည်း ကြားသိခဲ့ရပါသည်။

ဒုတိယအထောက်အထားအနေဖြင့် စာရေးသူတို့ နည်းပြဘဝ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှိ သုတေသနနှင့် စီမံခန့်ခွဲမှုပညာဌာန ကို သုတေသနအပိုင်းအား ဖြုတ်ပြီးလျှင် စီမံခန့်ခွဲမှုပညာဌာနအဖြစ်သို့ ပြောင်းလဲစေကာ ပြင်ပရှိ လူပုဂ္ဂိုလ်ကြီးများအား ကျောင်းသားများအဖြစ် ဝင်ခွင့်ပြုလုပ်ခေါ်ယူစေခဲ့ပြီး Master of Business Administration (MBA) ဘွဲ့ကို စတင်ချီးမြှင့်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

ယနေ့အချိန် မြန်မာနိုင်ငံရှိ စီးပွားရေးတက္ကသိုလ်များတွင် အထက်တွင် တင်ပြခဲ့သည့် အဓိက ဘာသာရပ်ကြီးနှင့် ဌာနကြီးသုံးခုကို အခြေခံပြီး ဘာသာရပ်အသစ်များ၊ ဌာနအသစ်များကို တိုးချဲ့ဖွဲ့စည်းခဲ့ ရာတွင် ၀ါဏိဇ္ဇဗေဒ ဘာသာရပ်၊ ၀ါဏိဇ္ဇဗေဒ (Commerce) ဌာနကို အခြေခံပြီး စီမံခန့်ခွဲမှုပညာဘာသာရပ် (Management) စီမံခန့်ခွဲမှုပညာဌာနကို အသစ်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ စီမံခန့်ခွဲမှုသဘောတရားကို အခြေခံကာ (Administration) ကို မဏ္ဍိုင်ပြုပြီး စီးပွားရေးလုပ်ငန်းပညာ (BUSINESS) သဘောတရားများနှင့် တွဲဖက်ထားသည့် BBA နှင့် MBA ဘွဲ့များကို ပေးအပ်ချီးမြှင့်လျက်ရှိသည်ဟု သိရှိရပါသည်။ သို့သော် ၎င်းတို့သည် စီမံခန့်ခွဲမှုပညာဌာနက ပေးအပ်ချီးမြှင့်သည့် ဘွဲ့များသာဖြစ်ပြီး စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ဌာနအနေနှင့် ပေးအပ် ချီးမြှင့်သည့် ဘွဲ့များ မဟုတ်ကြပါ။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံက လက်ခံကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သမိုင်းကြောင်း အခြေအနေများအရ တာဝန်ရှိသူအများစုမှာ စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ၏ ပင်မ သဘောတရားများနှင့် များစွာ ကင်းကွာခဲ့ကြရပါသည်။ ယနေ့အချိန် စျေးကွက်စီးပွားရေးစနစ်ကို တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ၏ အရေးပါမှု အခန်းကဏ္ဍမှာ များစွာ ကြီးမားကျယ်ပြန့်လာသည့်အတွက် မူဝါဒချမှတ်သူ၊ ဆုံးဖြတ်ချက်ချမှတ် သူများအနေဖြင့် စီးပွားရေးလုပ်ငန်း ပညာ (BUSINESS) ဘာသာရပ်နှင့် ယခင်အချိန်ကာလများက သိမြင် နားလည်ထားရှိသည့် စီးပွားရေးပညာ (ECONOMICS) ဘာသာရပ် တို့ကို ရောထွေးပြီး လွဲမှားစွာ မူဝါဒ ချမှတ်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း များကို လျော့နည်းသက်သာစေပြီးလျှင် စနစ်တကျ ရှင်းရှင်းလင်းလင်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ စီးပွားရေးပညာဘောဂဗေဒ (ECONOMICS) နှင့် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) တို့၏ သဘောတရားနှင့် အဓိပ္ပာယ်အချို့တို့ကို ရှင်းလင်းတင်ပြပါမည်။ အကြောင်းအရာ နှစ်ရပ်မှာ တက္ကသိုလ်ကြီးများတွင် သီးခြား ဘာသာရပ်များအဖြစ် ရပ်တည်လျက်ရှိသည့်အတွက် ယခုဆောင်းပါးအဆင့်ဖြင့် ပြီးပြည့်စုံအောင် တင်ပြရန် မဖြစ်နိုင်ပါ။ အပြည့်အစုံ သိမြင်နားလည် လိုပါလျှင် တက္ကသိုလ်ကြီးများတွင် နှစ်ပေါင်းများစွာ လေ့လာဆည်းပူး သင်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိရရှိနိုင်ရမည်ဖြစ်ပါသည်။

ထို့ကြောင့် စာရေးသူအနေဖြင့် နေ့စဉ်သုံး အဘိဓာန်များတွင် အလွယ်တကူတွေ့မြင်နိုင်သည့် အဓိ ပ္ပာယ်သတ်မှတ်ချက်များကို အခြေခံ ကာ ယခုဆောင်းပါးခေါင်းစဉ်ကို ရည်ညွှန်းထင်ဟပ်စေမည့် အချက် နှစ်ချက်ကိုသာ တင်ပြပါမည်။ ပထမအချက်မှာ စီးပွားရေးသဘောတရား (Economic) နှင့် စီးပွားရေးလုပ်ငန်း (BUSINESS) သဘောတရားကိုနှိုင်းယှဉ်တင်ပြမည်ဖြစ်ပြီး ဒုတိယအနေဖြင့် စီးပွားရေးပညာ ဘောဂဗေဒ (ECONOMICS) နှင့် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) တို့အားအဓိပ္ပာယ် ဖွင့်ဆိုထားချက်ကို တင်ပြပါမည်။

ပထမအချက်တွင်ရှိ စီးပွားရေးသဘောတရား (Economic) ကို “ ..connected with the trade, industry and development of wealth of a country, an area or society: social, economic and political issues.” (Reference: 1, pp – 482). ဖော်ပြထားချက်အရ  “စီးပွားရေး သဘောတရားဆိုသည်မှာတိုင်းပြည် နိုင်ငံ၏ ကြွယ်ဝချမ်းသာမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုလက်မှုကဏ္ဍ ကုန်သွယ်ရေးကဏ္ဍတို့အား ချိတ်ဆက်ထားရှိခြင်းပင် ဖြစ်ပါသည်။ ၎င်းတွင် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ သို့မဟုတ် ဧရိယာနယ်ပယ် တစ်ခုအတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပြဿနာများအားလုံး အကျုံးဝင်လျက်ရှိပါသည်။”

ပထမအချက်တွင်ရှိ စီးပွားရေးလုပ်ငန်း (BUSINESS) သဘောတရား ကို “the activity of making, buying, selling or supplying of goods and services for money.” (Reference: 1, pp – 198). ဖော်ပြထားချက်အရ “စီးပွားရေးလုပ်ငန်းသဘောတရားဆိုသည်မှာ ငွေကြေးရရှိနိုင်ရန်အတွက်

ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဖြည့်ဆည်းပေးခြင်း သို့မဟုတ် ရောင်းခြင်း၊ ဝယ်ခြင်း၊ ပြုလုပ်ဖန်တီး ထုတ်လုပ်ခြင်းစသည် လုပ်ကိုင်ဆောင်ရွက်မှုများဖြစ်ကြပါသည်။”

ဒုတိယအချက်တွင်ရှိ စီးပွားရေးပညာ (ECONOMICS) ကို တင်ပြရပါလျှင် “the study of how a society organizes its money, trade and industry.” (Reference: 1, pp – 482). ဖော်ပြထားချက်အရ “စီးပွားရေးပညာ ဘောဂဗေဒဆိုသည်မှာ ငွေကြေး၊ ကုန်သွယ်မှုနှင့် စက်မှုလက်မှုတို့အတွက် လူ့အဖွဲ့အစည်း တစ်ရပ်အား မည်ကဲ့သို့ ဖွဲ့စည်းထားရှိသည်ကို လေ့လာဆန်းစစ်ခြင်း ဖြစ်ပါသည်။”

ဒုတိယအချက်တွင်ရှိ စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ကို အထက်တွင်ဖော်ပြထားသည့်အတိုင်း တိုက်ရိုက် ရယူ တင်ပြရပါလျှင် “စီးပွားရေးလုပ်ငန်းပညာဆိုသည်မှာ ငွေကြေး ရရှိနိုင်ရန်အတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဖြည့်ဆည်းပေးခြင်း သို့မဟုတ် ရောင်းခြင်း၊ ဝယ်ခြင်း၊ ပြုလုပ်ဖန်တီး ထုတ်လုပ်ခြင်းစသည် လုပ်ကိုင် ဆောင်ရွက်မှုများကို လေ့လာဆန်းစစ်ခြင်း ဖြစ်ပါသည်။

စာဖတ်သူများအတွက် အလွယ်တကူ သိမြင်နားလည်နိုင်စေရန်အလို့ငှာ စီးပွားရေးပညာ ဘောဂဗေဒ (ECONOMICS) နှင့် စီးပွားရေး လုပ်ငန်းပညာ (BUSINESS) တို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပုံတွင်ဖော်ပြထားပါသည်။

ဒုတိယအနေဖြင့် စီးပွားရေး ပညာ (ECONOMICS) နှင့် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) တို့အတွက် အဓိက အရေးအကြီးဆုံး အများဆုံး ထိတွေ့လျက်ရှိသည့် ဆုံချက် ဆုံမှတ်မှာ ဘဏ္ဍာရေးစနစ်နှင့် ဘဏ္ဍာရေးစျေးကွက်တို့ပင် ဖြစ်ပါသည်။ ဘဏ္ဍာရေးစနစ်နှင့် ဘဏ္ဍာရေးစျေးကွက်တို့ ကောင်းမွန်စွာ တည်ငြိမ် ခိုင်မာစွာ ရှင်သန်ရပ်တည်နိုင်ခြင်း မရှိခဲ့ပါလျှင် တိုင်းပြည် နိုင်ငံတော်၏ စီးပွားရေးအခြေအနေမှာ ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်သကဲ့သို့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများသည်လည်း အမြဲတမ်း ကြီးမားသည့် စိန်ခေါ်မှုများ၊ အရှုံးများဖြင့် ရင်ဆိုင်ကြုံတွေ့နေရမည် ဖြစ်ပါသည်။ အဆင်ပြေ သင့်တော်သည့် အချိန်တွင် ဘဏ္ဍာရေးစျေးကွက် ခေါင်းစဉ်နှင့် သီးခြားဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြပါမည်။

တတိယအနေဖြင့် စာရေးသူ၏ အမြင်သက်သက်ဖြင့် အဆိုပြုတင်ပြပါမည်။ ပထမအဆိုပြုချက်အနေဖြင့် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းပညာ (Business) နှင့်ပတ်သက်သည့် အခြေခံ အတတ်ပညာ၊ အသိပညာနှင့် ဉာဏ်ပညာများကို ဆည်းပူးရရှိနိုင်စေရန် အင်စတီကျူးရှင်းများကို စတင်တည်ဆောက်ရန် အဆိုပြုပါသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းပညာသင်ကျောင်းများ (School of Business or Business School) ကို တည်ရှိနေသည့် စက်မှုဇုန်များနှင့် ညှိနှိုင်းဆောင်ရွက်စေကာ (Supply and Demand) ကို အခြေခံပြီး ထူထောင်တည်ဆောက်ရန် ဖြစ်ပါသည်။

ဒုတိယအဆိုပြုချက်အနေဖြင့် စီးပွားရေးပညာ (ECONOMICS) နှင့် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) တို့အတွက် အဓိက အရေးအကြီးဆုံး အများဆုံး ထိတွေ့လျက်ရှိသည့် ဆုံချက် ဆုံမှတ်ဖြစ်သည့် ဘဏ္ဍာရေး စနစ်နှင့် ဘဏ္ဍာရေးစျေးကွက်တို့ ခိုင်မာအားကောင်းသန်မာလာ စေရေးတို့အတွက် အမြဲတမ်းရှင်သန် လည်ပတ်နေစေနိုင်မည့်စနစ် သို့မဟုတ် စျေးကွက်များကို ထူထောင်တည်ဆောက်ပြီး အနှောင့်အယှက်မရှိစေရန် ကာကွယ်စောင့်ရှောက် ပေးရမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံက လက်ခံကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သမိုင်းကြောင်း အခြေအနေများအရ တာဝန်ရှိသူအများစုမှာ စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ၏ ပင်မသဘောတရားများနှင့် များစွာကင်းကွာခဲ့ကြရပါသည်။ ယနေ့အချိန် စျေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ၏ အရေးပါမှု အခန်းကဏ္ဍမှာ များစွာ ကြီးမားကျယ်ပြန့်လာသည့်အတွက် မူဝါဒချမှတ်သူ၊ ဆုံးဖြတ်ချက်ချမှတ်သူများအနေဖြင့် စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ဘာသာရပ်နှင့် ယခင်အချိန်ကာလများက သိမြင်နားလည်ထားရှိသည့် စီးပွားရေးပညာ (ECONOMICS) ဘာသာရပ်တို့ကို ရောထွေးပြီး လွဲမှားစွာ မူဝါဒချမှတ်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများကို လျော့နည်းသက်သာစေပြီးလျှင် စနစ်တကျ ရှင်းရှင်းလင်းလင်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးကို အစွမ်းကုန် ကြိုးစားပြုလုပ်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. “Oxford Advanced Learner’s Dictionary”, New 8th Edition, Oxford University Press 2010.

၂. ဒေါက်တာ ဦးဝင်း (USA) (2018), “အဖျက်သမား ဦးနေဝင်းနဲ့ မြန်မာနိုင်ငံသုတေသနအသင်းကြီး May 31, 2018. Jhango Win အမည်နှင့် Facebook စာမျက်နှာတွင် Jun 1, 2018 က တင်ပြထားပါသည်။

Most Read

Most Recent