ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၀၀ ဝန်းကျင် ရှိနေဟုသိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၀၀ ဝန်းကျင် ရှိနေဟုသိရ
Published 14 October 2022

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာကျပ် ၂၉၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။ ဗဟိုဘဏ်နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ် လာ ၂၁၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားသော်လည်း ငွေလဲကောင်တာအများစုတွင် တစ်ဒေါ်လာ ၂၈၀၀ ကျပ်ဖြင့် ဝယ်ယူနေပြီး ၃၀၀၀ ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနေကြောင်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက သုံးထောင်အောက်ကို ရောက်လာတာပါ။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၂၈၀၀ ကျပ်နဲ့ ဝယ်ပြီး ၃၀၀၀ နဲ့ ပြန်ရောင်းနေတာကို တွေ့ရပါတယ်”ဟု ငွေလဲကောင်တာတွင် ဒေါ်လာသွားရောက် ရောင်းချသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၉၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၁၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၆၅၅  ကျပ်၊ ထိုင်းဘတ် ၈၁ ကျပ်၊ တရုတ်ယွမ် ၄၃၀  ကျပ်၊ ဂျပန်ယန်း ၂၂ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ အရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး  တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့်  နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဟု သိရသည်။

အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍အတိုးနှုန်း မြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာအားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲ လှယ်သည့်အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိသည်။

 

Most Read

Most Recent