ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရန်ကုန်နယ်နိမိတ်အတွင်း စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများထုတ်လုပ်ရန် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ ပြောကြား

ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရန်ကုန်နယ်နိမိတ်အတွင်း စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများထုတ်လုပ်ရန် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ ပြောကြား
ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးစဉ်(ဓာတ်ပုံ-MOI)
ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးစဉ်(ဓာတ်ပုံ-MOI)
Published 13 October 2022

ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရန်ကုန်နယ်နိမိတ်အတွင်း စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရန် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာအီဗန်ပိုလီကော့ဖ်က ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် (Russian Energy Week International Forum) ရုရှားစွမ်းအင် ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံစီးပွားရေးကောင်စီမှဥက္ကဋ္ဌမစ္စ တာအီဗန်ပိုလီကော့ဖ်နှင့်အဖွဲ့က တည်ခင်းဧည့်ခံသည့် အလွတ်သဘောညစာစားပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရှား-မြန်မာချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေးစင်တာ (Emergency Response Center) တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လာရောက်မည့် ခရီးစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးလိုသည့်ကိစ္စ၊ ရန်ကုန်နယ်နိမိတ် ဧရိယာအတွင်း ရုရှား-မြန်မာချစ်ကြည်ရေးအတွက် စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရေး၊ ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူးမစ္စတာအလက်ဇန်းဒါးရှာတီရော့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးရာတွင် အတွင်းရေးမှူးမစ္စတာအလက်ဇန်းဒါးရှာတီရော့က ယခင်ကျင်းပခဲ့သော ဖိုရမ်များတွင် နိုင်ငံအကြီးအကဲများ၏ ဆွေးနွေးမှုနောက်ဆက်တွဲအဖြစ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် စွမ်းအင်နှင့်ပတ်သက်သော ထွက်ကုန်များထုတ်လုပ်သောနိုင်ငံဖြစ်ကြောင်း၊ ရုရှားစွမ်းအင် ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာ ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌသည်လည်း မကြာမီမြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သော ဖိုရမ်တွင် နိုင်ငံတော်အကြီးအကဲများ ဆွေးနွေးခဲ့သော ကိစ္စများအတွက် ရုရှား-မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတထံသို့ အပတ်စဉ် အစီရင်ခံတင်ပြဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်တွင် ရုရှားနိုင်ငံမှအဖွဲ့အစည်းများနှင့် စွမ်းအင်ကဏ္ဍကိစ္စများသာမက လျှပ်စစ်စွမ်းအားကဏ္ဍကိစ္စများကိုပါ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent