သူရဦး​ရွှေမန်း ဦး​ဆောင်သည့် UBP ပါတီ ဖျက်သိမ်းရန် ​ဆောင်ရွက်​နေ

သူရဦး​ရွှေမန်း ဦး​ဆောင်သည့် UBP ပါတီ ဖျက်သိမ်းရန် ​ဆောင်ရွက်​နေ
Published 11 October 2022

ပထမအကြိမ် ပြည်​သူ့လွှတ်​တော်ဥက္ကဋ္ဌ​ဟောင်း ဗိုလ်ချုပ်ကြီး(ငြိမ်း)သူရဦး​ရွှေမန်း ဦး​ဆောင်သည့် ပြည်​ထောင်စု​ကောင်းကျိုး​​ဆောင်ပါတီ(UBP)သည် နိုင်ငံ​​ရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ​ဆောင်ရွက်နေပြီဖြစ်​ကြောင်း UBP ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

“ပြီးခဲ့တဲ့ နှစ်ပတ်​လောက်ကတည်းက ပါတီဖျက်သိမ်းဖို့ UEC ကို တင်ပြမယ်ဆိုပြီး ကြားရတယ်။ UEC ကို ပါတီ ဖျက်သိမ်းဖို့ တင်ပြီးပြီလား၊ မတင်ရ​သေးဘူးလား​တော့ မသိရ​သေးဘူး” ဟု UBP ပါတီနှင့် နီးစပ်သူတစ်ဦးက ​ပြောကြားသည်။

ပြည်​ထောင်စု​ကောင်းကျိုး​ဆောင်ပါတီ(UBP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး UBP ပါတီဥက္ကဋ္ဌဖြစ်သူ ဦးစောလှထွန်းကမူ ပြည်​ထောင်စု​ကောင်းကျိုး​ဆောင်ပါတီကို ဖျက်သိမ်းရန် ​ဆောင်ရွက်နေပြီဖြစ်​ကြောင်း ​အောက်တိုဘာ ၁၁ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ​ရေးသားထားသည်။

ပြည်​ထောင်စု​ကောင်းကျိုး​​ဆောင်ပါတီ(UBP)ကို နိုင်ငံ​​ရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ​ဆောင်ရွက်​နေပြီဖြစ်​ကြောင်း သတင်းများထွက်​ပေါ်​နေသည့်အတွက် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​​ကော်မရှင်ထံ တင်ပြထားခြင်းရှိ မရှိ ကော်မရှင်မှ ပြော​ရေးဆိုခွင့်ရှိသူနှင့် UBP ပါတီ​မှ တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်း​ခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်​ဖြေကြားခဲ့ခြင်း မရှိ​ပေ။

၂၀၁၉ ခုနှစ် ဧပြီ ၈ ရက်တွင် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်သို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) တည်​​ထောင်သူများက ပါတီမှတ်ပုံတင် ​လျှောက်ထားခဲ့ပြီး ဧပြီ ၂၅ ရက်တွင် UEC မှ နိုင်ငံ​ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး​ ပါတီရုံးချုပ်ကို ​နေပြည်​တော်ရှိ သူရဦး​ရွှေမန်း၏ ​နေအိမ်တွင် ဖွင့်လှစ်ခဲ့သည်။

ပြည်​​ထောင်စု​ကောင်းကျိုး​ဆောင်ပါတီသည် ၂၀၂၀ ပြည့်နှစ် အ​ထွေ​ထွေ​ရွေး​​ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့​သော်လည်း ​လွှတ်​တော်ကိုယ်စားလှယ် တစ်​နေရာမျှ အနိုင်ရရှိခဲ့ခြင်းမရှိသလို ပါတီဥက္ကဋ္ဌဖြစ်သူ သူရဦး​ရွှေမန်းမှာလည်း ​ရွေး​ကောက်ပွဲတွင် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိ​ပေ။

နိုင်ငံ​​တော်​အေးချမ်းသာယာ​ရေးနှင့် ဖွံ့ဖြိုး​ရေး​ကောင်စီ အစိုးရ လက်ထက်တွင် ညှိနှိုင်းကွပ်ကဲ​ရေးမှူး(ကြည်း၊ ​ရေ၊ ​လေ)အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး​ဟောင်း သူရဦး​ရွှေမန်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ​အောက်တွင် ကျင်းပခဲ့သည့် ၂၀၁၀ အ​ထွေ​ထွေ​ရွေ​ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ​ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ်အဖြစ် ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပထမအကြိမ် ပြည်သူ့လွှတ်​တော်တွင် ဥက္ကဋ္ဌ တင်​မြှောက်ခံခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပသည့် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး အနိုင်ရရှိခဲ့ခြင်းမရှိ​​သော်လည်း NLD အစိုးရလက်ထက်တွင် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် သူရဦး​ရွှေမန်းသည် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ​လေ့လာသုံးသပ်​ရေး​ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်​ပေးအပ်ခြင်းခံခဲ့ရသည်။

၂၀၂၀ ပြည့်နှစ် အ​ထွေ​ထွေ​ရွေး​​​ကောက်ပွဲမတိုင်မီ ပြည်​ထောင်စု​ကောင်းကျိုး​​ဆောင်ပါတီ(UBP)ကို တည်ထောင်ရန် ​ဆောင်ရွက်ချိန်တွင် သူရဦး​ရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဥပ​ဒေ​ရေးရာနှင့် အထူးကိစ္စရပ်များ ​လေ့လာသုံးသပ်​ရေး​ကော်မရှင် သက်တမ်းတိုးခွင့်ကို NLD လွှတ်​တော်ကိုယ်စာလှယ်အများစု ပါဝင်သည့် ဒုတိယအကြိမ် ပြည်​ထောင်စုလွှတ်​တော်က ပယ်ချခဲ့သည်။

Most Read

Most Recent