ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​​ရှောက်​ခြင်းကိစ္စများ​နှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် အဂတိဖြင့် တရားစွဲထားသည့်အမှုများအတွက် စွဲချက်တင်သင့်၊ မတင်သင့် လာမည့်ရုံးချိန်းတွင် ​လျှောက်လဲချက်​ပေးရမည်

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​​ရှောက်​ခြင်းကိစ္စများ​နှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် အဂတိဖြင့် တရားစွဲထားသည့်အမှုများအတွက် စွဲချက်တင်သင့်၊ မတင်သင့် လာမည့်ရုံးချိန်းတွင် ​လျှောက်လဲချက်​ပေးရမည်
Published 11 October 2022

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲထားသည့် အမှုများအတွက် စွဲချက်တင်သင့် မတင်သင့် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

အောက်တိုဘာ ၁၁ ရက်က နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥ​ပ​ဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ပြီး တရားလိုပြသက်​သေ ပြည်​ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးကို စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ယင်းရုံးချိန်းတွင် စစ်​ဆေးခဲ့သည့် တရားလိုပြသက်​သေဖြစ်သူ ပြည်​ထောင်စု စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးသည် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်သည့် စာရင်းများကို စစ်​ဆေးခဲ့သူဖြစ်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့်တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အတွက် တရားလိုပြသက်​သေများကို စစ်​ဆေးရန် ကျန်ရှိနေ​​သေး​သော်လည်း အမှုများဖြင့် စွဲချက်တင်သင့်၊ မတင်သင့် ​အောက်တိုဘာ ၁၇ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ ​လျှောက်လဲချက်​ပေးရမည်ဖြစ်​ကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။     

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုရန်ပုံငွေမှ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စင်း ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ​ငွေ​ကြေး​​ပေးချေမှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စင်း ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည့်အတွက် ဦးဝင်းမြင့်နှင့် ​​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း သိရသည်။

 

 

Most Read

Most Recent