မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာကျပ် ၂၁၀၀ စျေး သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၈၀၀ ဝန်းကျင်ရှိ စျေးနှုန်းဖြစ်ပေါ်နေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့သည့် ငွေလဲကောင်တာအများစုတွင် တစ်ဒေါ်လာ၂၈၀၀ ဝန်းကျင်ဖြင့် ဝယ်ယူပြီး ၂၉၅၀ ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနေကြောင်း သိရသည်။
“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက သုံးထောင်အောက်ကို ရောက်နေတာပါ။ ဒီနေ့သွားရောင်းတာ ငွေလဲကောင်တာအချို့မှာ၂၈၀၀ နဲ့ဝယ်ပြီး ၂၉၅၀ နဲ့ ပြန်ရောင်းနေတာတွေ့တယ်။ အပြင်စျေးကွက်မှာလည်း ဒေါ်လာစျေးက ၃၀၀၀ ဝန်းကျင်မှာ ငြိမ်နေတဲ့သဘောပေါ့” ဟု နိုင်ငံခြားငွေကြေးရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ဆိုသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၉ဝဝကျပ်၊ စင်ကာပူဒေါ်လာ ၂၀၈၀ ကျပ်၊ မလေးရှားရင်းဂစ် ၆၅၀ ကျပ်၊ ထိုင်းဘတ် ၇၉ကျပ်၊ တရုတ်ယွမ် ကျပ် ၄၃၀၊ ဂျပန်ယန်း ၂၂ ကျပ်တို့ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများ ဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။
ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှတရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိကာလတွင် အမေရိကန်နိုင်ငံဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍အတိုးနှုန်းမြှင့်တင်သွားမည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိပါသည်။