ဘာစီလိုနာအား အနိုင်ရခဲ့ခြင်းမှာ မျှော်လင့်မထားသည့်ရလဒ်မဟုတ်ကြောင်း အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီ ပြောကြား

ဘာစီလိုနာအား အနိုင်ရခဲ့ခြင်းမှာ မျှော်လင့်မထားသည့်ရလဒ်မဟုတ်ကြောင်း အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 6 October 2022

အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ဘာစီလိုနာအသင်းအား အနိုင်ရခဲ့ခြင်းမှာ မျှော်လင့်မထားသည့် ရလဒ်မဟုတ်ဘဲ မိမိအနေဖြင့် ဘာစီလိုနာအသင်းကို အနိုင်ရမည်ဟု ယုံကြည်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ (၄) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃)တွင် အင်တာမီလန်အသင်းသည် အိမ်ကွင်း၌ ဘာစီလိုနာအသင်းကို ကွင်းလယ်ကစားသမား ချာဟာနိုဂလူး၏ ပထမပိုင်းပြီးခါနီးတွင် သွင်းယူခဲ့သည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းနိုင်ပွဲမှာ ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် ဖိအားများနှင့်ရင်ဆိုင်နေရသည့် အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီအတွက် စိတ်သက်သာရာ ရစေခဲ့သည့်ပွဲလည်း ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးအသင်းများထဲတွင် တစ်သင်းအပါအဝင်ဖြစ်သည့် ဘာစီလိုနာအသင်းကို အနိုင်ကစားနိုင်သည့် အတွက် ဝမ်းသာကြောင်း ဆီမြွန်နီအင်ဇာဂီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

"ဘာစီလိုနာအသင်းကို မျှော်လင့်မထားဘဲ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာစီလိုနာနဲ့ပွဲမှာ နိုင်လိုစိတ်အပြည့်နဲ့ ကစားနိုင်ခဲ့တာကြောင့် အနိုင်ရခဲ့တာပါ။ ဒီလိုနိုင်ပွဲမျိုးရဖို့ ကျွန်တော်တို့ စောင့်နေခဲ့တာ ကြာပါပြီ။ အသင်းနဲ့ ပရိသတ်တွေအတွက် ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာအောင်မြင်မှုမှ မရသေးပါဘူး" ဟု ဆီမြွန်နီအင်ဇာဂီက ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဘာစီလိုနာနှင့်ပွဲမှရလဒ်မှာ အသင်း၏ယုံကြည်မှုကို တိုးတက်စေပြီး ယင်းပွဲမှ ခြေစွမ်းကို ဆက်ထိန်းထားနိုင်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent