လုပ်နည်းလုပ်ဟန်မှန်ကန်လျှင် တတိယမြန်မာနိုင်ငံတော်ကြီးကိုပင် ထူထောင်တည်ဆောက်နိုင်ခဲ့ကြပါသည်

လုပ်နည်းလုပ်ဟန်မှန်ကန်လျှင် တတိယမြန်မာနိုင်ငံတော်ကြီးကိုပင် ထူထောင်တည်ဆောက်နိုင်ခဲ့ကြပါသည်
Published 2 October 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ နယ်၊ မုဆိုးချုံရွာမကျေးရွာတွင် မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးဖြစ် သည့်အပြင် စာရေးသူ၏ အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည်လည်း မုဆိုးချုံရွာမ ကျေးရွာတွင် မွေးဖွားကြပြီး မုဆိုးချုံ ရွာမ ကျေးရွာတွင် ကွယ်လွန်ခဲ့ကြသူ များ ဖြစ်ကြပါသည်။ မကြာမီ ရက်ပိုင်းအချိန်ကာလ မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်လျက်ရှိသည့် စာရေးသူ၏ အစ်ကိုဝမ်းကွဲ ရန်ကုန်သို့ ခေတ္တလာရောက်စဉ်အတွင်း စာရေးသူအား မုဆိုးချုံရွာမ ကျေးရွာနှင့် ဆက်စပ် ပတ်သက်လျက်ရှိသည့် အကြောင်းအရာ ဆောင်းပါးကလေး ရေးသားတင်ပြရန် တိုက်တွန်းခဲ့သဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မုဆိုးချုံရွာမ ကျေးရွာနှင့် ၁၀ မိုင်ကျော်ခန့်အကွာတွင် တည်ရှိသော မုဆိုးဖို (မုဆိုးဘို) ကျေးရွာတွင် စတင်အခြေပြုခဲ့ပြီး တတိယ မြန်မာနိုင်ငံတော်ကြီးကို ထူထောင်တည်ဆောက်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ စွန့်စွန့်စားစား၊ ရွပ်ရွပ်ချွံချွံ၊ အသက်ကို ပဓာနမထားဘဲ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေအပေါ်တွင် မုဆိုး ချုံရွာမကျေးရွာနှင့် ဆက်စပ်ပတ်သက်ခဲ့သည့် အခြေအနေများကို စာရေးသူ၏ အသိအမြင် အတွေ့အကြုံများကို အခြေခံကာ ဝေဖန်ဆန်းစစ် တင်ပြမည်ဖြစ်ပါသည်။

ယခုဆောင်းပါးတွင် တင်ပြမည့် အကြောင်းအရာများသည် ကုန်းဘောင်ခေတ် သမိုင်းဖြစ်ရပ်များကို တင်ပြမည် မဟုတ်ပါ၊ သမိုင်းဖြစ်ရပ် ဖြစ်စဉ်များကို သမိုင်းပညာရှင်ကြီးများက ရေးသားတင်ပြကြမည် ဖြစ်ပါသည်။ စာရေးသူသည် သမိုင်းပညာရှင်တစ်ဦး မဟုတ်ပါ။ ငယ်ရွယ်စဉ်ဘဝ မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်စဉ်ကာလအတွင်း လူကြီးသူမများက ပြောကြားခဲ့သည်များကို ကြားသိရခြင်း၊ စာရေးသူ ကိုယ်တိုင် သိမြင်ခံစားခဲရသည့် အချက်အလက်များ၊ စာအုပ်စာတမ်း စာစောင်များတွင် တွေ့ရှိရသည့် အချက်အလက်များကို အခြေခံကာ စာရေးသူ၏ အတွေးအမြင်သက်သက်ဖြင့်သာ ရေးသားတင်ပြမည် ဖြစ်ပါသည်။

ကုန်းဘောင်ခေတ် မင်းနေပြည်တော်အဖြစ် စတင်အတည်ပြု သတ်မှတ်ခဲ့သည့် ရွှေဘိုသည် မုဆိုးဖို ကျေးရွာကို အမည်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းသာဖြစ်ကာ နောက်ပိုင်းတွင် အမည်ငါးမျိုးနှင့် ခေါ်ဝေါ် အသုံးပြုခဲ့ကြပြီး ထင်ရှားကျော်ကြားခဲ့သည့် နေရာဖြစ်ခဲ့ပါသည်။ မုဆိုးချုံ ရွာမကျေးရွာသည် ရွှေဘိုနှင့် မနီးမဝေးတွင် တည်ရှိနေပါသဖြင့် ဦးအောင်ဇေယျအနေဖြင့် ၎င်း၏ လက်နက်ကိုင်အင်အားတပ်များအဖြစ် စတင်စုစည်းစုဖွဲ့စဉ်ကတည်းကပင် မုဆိုးချုံရွာမကျေးရွာတွင် နေထိုင်လျက်ရှိသည့် ကျေးရွာသားများအား ပါဝင်ဆောင်ရွက်စေခဲ့ပါသည်။ အထင်ရှားဆုံးအနေနှင့် ရွာအမည် ဗိုလ်တွန်ခေါ် စစ်သူကြီး မင်းခေါင်နော်ရထာသည် မုဆိုးချုံရွာမ ကျေးရွာသားတစ်ဦး ဖြစ်သည်ဟု ကြားသိခဲ့ရပါသည်။

ထို့ပြင် မုဆိုးချုံရွာမကျေးရွာသည် မင်းနေပြည်တော်နှင့် မနီးမဝေးတွင် တည်ရှိနေသောကြောင့် မင်းနေပြည်တော်တွင် နေထိုင်လျက်ရှိကြသည့် မင်းညီမင်းသားများ၊ ဆွေတော် မျိုးတော်များသည် အများအားဖြင့် လက်ရှိရာထူးအာဏာရရှိ ထားသူများနှင့် ဆက်စပ်ပတ်သက်နေသူများသာဖြစ်ကြပြီး လက်ရှိ ရာထူးအာဏာ မရှိသည့် မင်းမျိုးမင်း နွယ်များမှာ မုဆိုးချုံရွာမကျေးရွာတွင် ခိုလှုံနေထိုင်လေ့ရှိကြသည် ဟုလည်း ကြားသိရပါသည်။ မောင်ဝိုင်း+ မယ်လွန်းမယ် လင်မယားစုံတွဲနှင့် ဦးမော်+ဒေါ်တုတ် လင်မယားစုံတွဲသည် မုဆိုးချုံရွာမ ကျေးရွာတွင် ကာလတာရှည် အတူနေထိုင်ခဲ့ကြသည်ဟု ကြားသိရပါသည်။ မောင်ဝိုင်းမှာ နောင်တွင် ဘိုးတော် ဦးဝိုင်း အမည်နှင့် ရှင်ဘုရင်ဖြစ်ခဲ့သူတစ်ဦး ဖြစ်ပါသည်။

ရှေးလူကြီးသူမများ၏ အထင်အမြင်အရ အခြားသောနေရာဒေသများတွင် နယ်စား (နယ်သူကြီး)၊ မြို့စား (မြို့သူကြီး)၊ ရွာစား (ရွာသူကြီး) စသည်တို့သည် ဘုရင်၏ သြဇာအာဏာအောက်တွင် တာဝန်ယူအုပ်ချုပ်နေထိုင်ကြရသဖြင့် ဖော်ပြပါ နေရာဒေသများသို့ လက်ရှိရာထူး အာဏာမရှိသည့် မင်းမျိုးမင်းနွယ်များအနေဖြင့် သွားရောက်နေထိုင်ခဲ့ပါက အဆင်မသင့်လျှင် လူမသိသူမသိ အသတ်ခံရနိုင်သဖြင့် မင်းနေပြည်တော်နှင့် မနီးမဝေး၊ နယ်စား၊ မြို့စားများလည်း သီးခြားအာဏာ သက်ရောက်ကြီးမားခြင်းမရှိသည့် မုဆိုးချုံရွာမကျေးရွာတွင် နေထိုင် ခိုလှုံကြသည်ဟု ကြားသိရပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ လက်ရှိအာဏာရရှိပြီး တိုင်းပြည်နိုင်ငံတော်ကို အုပ်ချုပ်လျက်ရှိသော ရှင်ဘုရင်ကြီးများကဲ့သို့ အဆောက်အအုံအမျိုးမျိုး အမြဲတမ်း တပ်မတော် ခေတ်မီ လက်နက်လူသူ အင်အား အတတ်ပညာနည်းပညာများ စသည်တို့ ပြည့်စုံလုံလောက်ခြင်းမရှိဘဲ မင်းမျိုးမင်းနွယ်တစ်ဦး မဟုတ်သည့် ကျေးရွာတွင် နေထိုင်လျက်ရှိသူ ရွာသားလေးတစ်ဦးက ကျေးရွာသားများကို စတင် စည်းရုံးသိမ်းသွင်းစုစည်းကာ တိုင်းပြည် နိုင်ငံတော်ကြီးကို ထူထောင်တည် ဆောက်နိုင်ခဲ့သည်ကို စာဖတ်သူများအား သိမြင်နားလည်နိုင်စေရန် ရည်ရွယ်ပါသည်။ လုပ်နည်းလုပ်ဟန် မှန်ကန်လျှင် တတိယမြန်မာနိုင်ငံတော်ကြီးကိုပင် ထူထောင်တည်ဆောက်နိုင်ခဲ့ကြကြောင်းကို သက်သေပြလိုခြင်းဖြစ်ပါသည်။

ပထမဦးစွာ တတိယမြန်မာနိုင်ငံတော်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာစေရန် စတင်ထူထောင် တည်ဆောက်ခဲ့ကြရာတွင် မည်မျှ စွန့်စားခဲ့ကြရသည့် အခြေအနေကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ ထိုစဉ်အချိန်အခါက တိုင်းပြည်နိုင်ငံတော်ကို အုပ်ချုပ်လျက်ရှိသည့် နန်းတော်ကြီးတွင် ရဲမက်ဗိုလ်ပါများ၊ လေ့ကျင့်သင်ကြားထားသည့် စစ်သည်တော်ကြီးများ၊ ဘုရင့်အာဏာသက်ရောက်လျက်ရှိသည့် နယ်ပယ်ဒေသများ စသည်ဖြင့် အင်အားကြီးမားစွာ တည်ရှိနေသည့် အချိန်တွင် ကျေးရွာဇနပုဒ်ကို အခြေခံပြီး အင်အားထူထောင်တည်ဆောက်ရသည်မှာ မည်မျှစွန့်စားခဲ့ကြရသည့် အခြေအနေဖြစ်သည်ကို စာဖတ်သူများအနေဖြင့် မှန်းဆကြည့်နိုင်ပါသည်။

ထိုခေတ် ထိုအခါက ရက်ရက်စက်စက် ချေမှုန်းသုတ်သင်တတ်သည့် အလေ့အထနှင့် ကျူပင်ခုတ် ကျူငုတ်ပါမကျန် သတ်ဖြတ်သည့် ယဉ်ကျေးမှုတို့အရ လုပ်နည်းလုပ်ဟန် အနည်းငယ်အမှားအယွင်းရှိခဲ့ပါလျှင် မုဆိုးဖိုကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသူ ကျေးရွာသားအားလုံးမှာ ရက်ရက်စက်စက် အသတ်ခံကြရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ အောက်ခြေမှအစ အလယ်အဆုံးတိုင်အောင် ထူထောင်တည်ဆောက်သည့် နိုင်ငံခေါင်းဆောင် အမျိုးအစားမှာ ရှာဖွေတွေ့ရှိနိုင်ရန် လွန်စွာ ခက်ခဲမည့် အခြေအနေဖြစ်ပါသည်။

ပုံတွင် တတိယမြန်မာနိုင်ငံတော်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာစေရန် စတင် ထူထောင် တည်ဆောက်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၊ မုဆိုး ချုံရွာမ ကျေးရွာတွင် နေထိုင်ခဲ့သည့် ဘိုးတော် ဦးဝိုင်း၊ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ်၊ ယနေ့အချိန် ရွှေဘိုမြို့တွင် ပြန်လည်တည်ဆောက်ထားရှိသည့် နန်းတော်ကြီး၏ ပုံတို့ကို ဖော်ပြထားပါသည်။

 ဒုတိယအနေဖြင့် တတိယမြန်မာနိုင်ငံတော်ကြီး ပျက်သုဉ်း ပျောက်ကွယ်စေရန် ဖြစ်ပေါ်စေခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များနှင့် ဗြိတိသျှအင်္ဂလိပ်တို့ အသုံးပြုခဲ့ကြသည့် မဟာဗျူဟာ၊ နည်းဗျူဟာအချို့ကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ ယခုတင်ပြချက်များသည် စာရေးသူ မုဆိုးချုံရွာမ ကျေး ရွာတွင် ကြားသိခဲ့ရသည့်အချက်များနှင့် အချို့သော စာအုပ်၊ စာစောင်များတွင် ဖတ်ရှုရသည်များကို အခြေခံကာ တင်ပြခြင်း ဖြစ်ပါသည်။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် တိုင်းပြည် နိုင်ငံတော်ကို အဆက်မပြတ် (စဉ်ဆက်မပြတ်) ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်စေရေး အလို့ငှာ ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက် စစ်သူကြီးများနှင့် သားတော်များကို ဆုံတွေ့စေကာ အရေးကြီးသည့် “မူ” တစ်ရပ်ကို ချမှတ်ပြဋ္ဌာန်းထားရှိခဲ့သည်ဟု ကြားသိရပါသည်။ အဆိုပါ “မူ” မှာ “၎င်းနတ်ရွာစံ (ကွယ်လွန်) ခဲ့ပါလျှင် သားတော် အကြီးဆုံးက ဘုရင်အဖြစ် ဆက်ခံရန်ဖြစ်ပြီး သားတော်အကြီးဆုံး မရှိတော့ပါက ဒုတိယအကြီးဆုံး၊ တတိယအကြီးဆုံး စသည်ဖြင့် သားတော်များအား ကြီးစဉ်ငယ်လိုက် ဘုရင်မင်းအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်ရန် ဖြစ်ပါသည်။ ထို့ကြောင့်လည်း အစ်ကို ဘုရင်ဖြစ်သည့်အချိန်များတွင် ကပ်လျက် ညီတော်က အိမ်ရှေ့မင်းအဖြစ် တာဝန်ယူဆောင်ရွက်ကြရပါသည်။

ဤတွင် မုဆိုးချုံရွာမ ကျေးရွာသားဖြစ်သည့် ဗိုလ်တွန် (မင်းခေါင်နော်ရထာ) နှင့် ပတ်သက်ပြီး စာရေးသူ ကြားသိခဲ့ရသည့် အချက်ကလေးကို တင်ပြပါမည်။ ဗိုလ်တွန်သည် ဦးအောင်ဇေယျ၏ လုပ်ဖော်ကိုင်ဖက် စစ်သူကြီးများထဲတွင် တိုက်ရည်ခိုက်ရည်ကောင်းသူအဖြစ် ထင်ရှားကျော်ကြားသူ တစ်ဦး ဖြစ်ပါသည်။

သားတော်တစ်ပါးက အစ်ကိုဖြစ်သူကို ကျော်လွန်ပြီး ဘုရင်ဖြစ်လိုသဖြင့် ဗိုလ်တွန်အား ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းရာ ဗိုလ်တွန်က လက်မခံဘဲ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျချမှတ်ခဲ့သည့် “မူ” ကိုသာ ကိုင်စွဲထိန်းသိမ်းမည်ဖြစ်ကြောင်း ပြောကြားရာတွင် သားတော် ညီအစ်ကိုများအကြား ညပ်ပြီး သူပုန်ဖြစ်ကာ အသက်ဆုံးရှုံး ခဲ့ရပါသည်။ ထို့ကြောင့် မုဆိုးချုံရွာမ ကျေးရွာရှိ လူကြီးသူမများက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မည့်သူများအား ဆုံးမသြဝါဒ ပြောကြားရာတွင် “ဗိုလ်တွန်လို ညပ်တပ်တယ် သတိထား။ အသက်သေတတ်တယ်” ဟု ပြောဆိုလေ့ရှိကြသည်။

အထက်တွင် တင်ပြခဲ့သည့် အကြောင်းအရာအချက်အလက်များအရ ကုန်းဘောင်ခေတ် တတိယ မြန်မာနိုင်ငံတော်ကြီးသည် မင်းတုန်းမင်းလက်ထက် ညီတော် အိမ်ရှေ့စံ အိမ်ရှေ့မင်းသားဖြစ်သည့် ကနောင်မင်းသားကြီး လုပ်ကြံခံရစဉ်ကတည်းကပင် ပျက်သုဉ်းခဲ့ပြီးဖြစ်သည်ဟု စာရေးသူအနေဖြင့် မှတ်ချက်ပြုလိုပါသည်။ နောက်ဆုံးဘုရင်မင်းဖြစ်ခဲ့သည့် သီပေါမင်းမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ချမှတ်ခဲ့သည့် “မူ” နှင့်လည်း ကိုက်ညီခြင်း မရှိသကဲ့သို့ ပုံမှန်မဟုတ်သည့် ဘုရင်မင်းတစ်ပါးဖြစ်သည်ကို စာဖတ်သူများအနေဖြင့် သိမြင်နားလည်နိုင်မည်ဟု ယူဆပါသည်။

ဤတွင် ဗြိတိသျှအင်္ဂလိပ်တို့ အသုံးပြုခဲ့ကြသည့် မဟာဗျူဟာနည်းဗျူဟာအချို့ကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ ဗြိတိသျှအင်္ဂလိပ်တို့သည် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး သည့်နောက် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ရန် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကို ချက်ချင်း မပြုလုပ်သေးဘဲနှစ်ပေါင်း ၃၀ ကျော် (၃၄ နှစ်ခန့်) ကြာမြင့်သည့် အချိန်ကာလအထိ စောင့်ဆိုင်းကာ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ် အချိန်အခါက ဗြိတိသျှ အင်္ဂလိပ်တို့ ၏ စစ်အင်အားနှင့်ဆိုပါက အထက်မြန်မာနိုင်ငံကို အချိန်မရွေး တိုက်ခိုက်သိမ်းပိုက်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။

စာရေးသူ အမြဲတမ်း ဝေဖန်သုံး သပ်ပြောကြားလေ့ရှိသည ့်စကားမှာ ဗြိတိသျှအင်္ဂလိပ်တို့သည် မြန်မာတို့ကဲ့သို့ စိတ်ခံစားချက်နှင့် မျက်စိမွေးတစ်ဆုံးတွင်သာ ကြည့်ပြီး ပြုလုပ်ဆောင်ရွက်လေ့မရှိဘဲ ရေရှည်အတွက် လေ့လာဆန်းစစ်ဝေဖန် သုံးသပ် ပြုလုပ်ဆောင်ရွက်လေ့ရှိသည ့်လူမျိုးများဖြစ်ကြပါသည်။ စာဖတ်သူများ တွေးခေါ် စဉ်းစားကြည့် စေလိုပါသည်။ အထက်မြန်မာပြည် မန္တလေးနန်းတွင်းအခြေအနေမှာ ညီတော် အိမ်ရှေ့စံ အိမ်ရှေ့မင်းသားဖြစ်သည့် ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးသည့်နောက်တွင် မင်းညီမင်းသားအရေအတွက် ဆယ်ဂဏန်းကြီးကြီး (အချို့သော အချက်အလက်များအရ မင်းညီမင်းသား အရေအတွက် ၈၀ ကျော် ၁၀၀ ဦး ခန့်) လုပ်ကြံ သတ်ဖြတ်ခံခဲ့ကြရသည်ဟု လေ့လာသိရှိရပါသည်။ ဖော်ပြပါ အချိန်ကာလသို့ ရောက်ရှိချိန်တွင်မူ ဗြိတိသျှအင်္ဂလိပ်တို့သည် အထက်မြန်မာနိုင်ငံကို အလွယ်တကူပင် သိမ်းပိုက်နိုင်ခဲ့ကြပါသည်။

တတိယအနေဖြင့် ယနေ့အချိန် အထက်ဖော်ပြပါ သမိုင်းဖြစ်ရပ်များကို အခြေခံကာ သင်ခန်းစာများ ရယူရန် ဖြစ်ပါသည်။ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ကျင့်သုံး အကောင်အထည် ဖော်ဆောင်ရွက်သည့် အုပ်ချုပ်ရေးစနစ်များသည် အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်များဖြစ်သည့်အတွက် အန္တရာယ်ကြီးလှပါသည်။ လူကြီးသူမများ၏ ပြောဆိုချက်များအရ စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်သော ဆိုးရွားသည့် အခြေအနေကို ဖော်ပြကြရာတွင် မှန်ကန် ခြင်း၊မမှန်ကန်ခြင်း မရှိ၊ တရားမျှတ မှုရှိခြင်း။မရှိခြင်းကို မစဉ်းစားပါနှင့်၊ ခေါင်ထိနိုင်လျှင် အားလုံးရဆိုသည့် အဓိပ္ပာယ်မျိုး ဖြစ်သည်ဟု ကြားသိရပါသည်။

ခေါင်ထိနိုင်လျှင် အားလုံးရဆိုသည့် အဓိပ္ပာယ်မှာ စာရေးသူတို့ ကျေးလက်ဒေသများတွင် ပေသီး၊ ကျောက်ပေသီး၊ လောက်စာလုံး စသည်တို့ကို တစ်ဦးချင်းအလိုက် အလုံးရေ ညီတူညီမျှထည့်ဝင်စေပြီး အနိုင်အရှုံးကစားကြရာတွင် အလုံးကလေးများကို ရှေ့နောက်တန်းစီထားရှိပါသည်။ အကွာအဝေးတစ်နေရာမှ တစ်ဦးချင်းအလှည့်ကျ အခြား ပေသီးတစ်လုံးဖြင့် လှိမ့်ပြီး ပစ်စေခဲ့ရာ ထိသည့်နေရာအလုံးမှ စတင်ကာ နောက်တွင်ရှိသည့် ပေသီး အလုံး အားလုံးကို ပစ်သူက ရရှိ ပါသည်။ အကယ်၍ ပစ်သူသည် ခေါင်ထိပ်ဆုံးအလုံးကို ထိစေရန် ပစ်နိုင်ပါက နောက်တွင်ရှိသည့် အလုံး အားလုံးကို ရရှိပိုင်ဆိုင်ပါသည်။

အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ်များကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါလျှင် အထက်တွင် ဖော်ပြသကဲ့သို့ ပြိုင်ဘက်များ၊ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများအပေါ်တွင် အမြတ်ထုတ် သွေးစုပ်လိုသူများသည် မှန်ကန်သော၊ တရားမျှတသော ယှဉ်ပြိုင်မှုများ ကြိုးပမ်းအားထုတ်ခြင်းများကို ဆောင်ရွက်ကြခြင်းထက် ခေါင်ထိနိုင်လျှင် အားလုံးရနိုင်စေမည်ဖြစ်သည့်အတွက် ခေါင်များကို ရှာဖွေပြီး ထိနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ခေါင်များလည်း ပျက်စီး၊ တိုင်းပြည်နိုင်ငံတော်လည်း ပျက်စီးစေပါတော့သည်။

နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ အထက်တွင် ရေးသားတင်ပြချက်များသည် စာရေးသူ ငယ်ရွယ်စဉ်ဘဝ မုဆိုးချုံရွာမ ကျေးရွာတွင် နေထိုင်စဉ်က လူကြီးသူမများထံက ကြားသိခဲ့ရသည့် အချက်များကို ရှင်းလင်းတင်ပြခြင်းသာ ဖြစ်ပါသည်။ သမိုင်းပညာရှင်ကြီးများက သမိုင်းဝင်ပြီး သမိုင်းအတွက် မှတ် တမ်းတင်ထားရှိသည့် အချက်များ နှင့် ကွဲလွဲနိုင်ပါသည်။ စာဖတ်သူများ အနေဖြင့် လေ့လာဆန်းစစ်ဝေဖန် အကြုံပေးကြပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။

အလျဉ်းသင့်သဖြင့် မုဆိုးချုံ ရွာမကျေးရွာတွင် နေထိုင်စဉ် စာရေးသူတို့အိမ်နှင့် ခြံစည်းရိုးချင်း ကပ်လျက် နေထိုင်လျက်ရှိကြသည့် အသက် ၈၀ ကျော် အဘိုးနှင့် အဘွားတို့ လင်မယားနှစ်ဦးအနက် အဘွားကစာရေးသူအား ပြောကြားခဲ့သည့် မှတ်ချက်ကလေးကို တင်ပြပါမည်။ အဘွားက “မောင်သောင်းဌေး။ မင်းစောင့်ကြည့်ပါ။ မင်းတို့ ကြီးလာတဲ့အချိန် ဗမာလူမျိုးတွေ အုပ်ချုပ်ရင် ဗြိတိသျှအင်္ဂလိပ်တွေ အုပ်ချုပ်တာထက် ပိုပြီး ရက်စက်ကြမ်းကြုတ်ပါလိမ့်မယ်” ဆိုပြီး မှတ်ချက်ပြုပေးခဲ့ပါသည်။ အဘွား၏ မှတ်ချက်စကား မှန်ကန်ခြင်း ရှိ။မရှိကိုမူ စာဖတ်သူများကပင် ဝေဖန်ဆန်းစစ် သုံးသပ်ကြစေလိုပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ လက်ရှိ အာဏာရရှိပြီး တိုင်းပြည် နိုင်ငံတော်ကို အုပ်ချုပ်လျက်ရှိသော ရှင်ဘုရင်ကြီးများကဲ့သို့ အဆောက်အအုံအမျိုးမျိုး အမြဲတမ်းတပ်မတော် ခေတ်မီ လက်နက် လူသူ အင်အား အတတ်ပညာ နည်းပညာများ စသည်တို့ ပြည့်စုံလုံလောက်ခြင်းမရှိဘဲ မင်းမျိုး မင်းနွယ်တစ်ဦးမဟုတ်သည့် ကျေးရွာတွင် နေထိုင်လျက်ရှိသူ ရွာသားတစ်ဦးက ကျေးရွာသားများကို စတင် စည်းရုံးသိမ်းသွင်း စုစည်းကာ တိုင်းပြည် နိုင်ငံတော်ကြီးကို ထူထောင်တည်ဆောက်နိုင်ခဲ့သည်ကို စာဖတ်သူများအား သိမြင်နားလည်နိုင်ကြပါစေကြောင်းနှင့် လုပ်နည်းလုပ်ဟန် မှန်ကန်ပါလျှင် တတိယမြန်မာနိုင်ငံတော်ကြီးကိုပင် ထူထောင်တည်ဆောက်နိုင်ခဲ့ကြသည်ကို နောင်လာ နောက်သား လူငယ်များ သတိပြုနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။  

Most Read

Most Recent