ရွေးကောက်ပွဲအပါအဝင် နစက၏ လုပ်ငန်းစဉ်အားလုံးကို လက်ခံမည်မဟုတ်ကြောင်း NLD ပါတီ ထုတ်ပြန်

ရွေးကောက်ပွဲအပါအဝင် နစက၏ လုပ်ငန်းစဉ်အားလုံးကို လက်ခံမည်မဟုတ်ကြောင်း NLD ပါတီ ထုတ်ပြန်
Published 27 September 2022

ရွေးကောက်ပွဲအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်အားလုံးကို လက်ခံမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တည်ထောင်ခြင်း ၃၄ နှစ်ပြည့်သည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီ စစ်မှန်သောဒီမိုကရေစီစနစ်အောက်မှ ကျင်းပမည့်လွတ်လပ်၍ တရားမျှတသည့် နောက်ထပ်ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုယ်စားပြုအာဏာအဖြစ် ကျင့်သုံးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူ့များ အပ်နှင်းလိုက်သော ကိုယ်စားပြုတာဝန်ကို ကျေပွန်စေနိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို အမြုတေပြု၍စုဖွဲ့ထားသော လွှတ်တော်များမှတစ်ဆင့် ယင်းလုပ်ငန်းစဉ်ကြီး တစ်ခုလုံးအား နိုင်ငံရေးတရားဝင်မှုမြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ယခုထက်ပိုမိုအသိအမှတ်ပြုပူးပေါင်းလာစေရေးတို့ကို ပါတီအနေဖြင့် တစိုက်မတ်မတ်ကြိုးစားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ပါတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်းနှင့် ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းခြင်းများအပြင် ပါတီရုံးများကို ကျူးကျော်ဝင်ရောက်၍ ပါတီပိုင်ပစ္စည်းများ သိမ်းဆည်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အလုံးစုံဖျက်ဆီးရန် အားထုတ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီ၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၆ ရက် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲတွင် NLD ပါတီအနေဖြင့် လက်ရှိတာ ဝန်ယူဆောင်ရွက်နေသည့် UEC ကို တရားမဝင်ကြောင်း၊ ကျင်းပမည့်ရွေးကောက် ပွဲကိုလည်း ၎င်းတို့အနေဖြင့် လက်မခံနိုင်ဟု ထုတ်ပြန်ထားကြောင်း၊ ယင်းထုတ်ပြန်ချက်အပေါ် UEC အနေဖြင့် မည်ကဲ့သို့ သဘောထားကြောင်းနှင့် NLD ပါတီ၏ ထုတ်ပြန်ချက်များသည် ဥပဒေနှင့် ညီညွတ်မှုရှိ မရှိ သုံးသပ်ပေးစေလိုကြောင်း မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အွန်လိုင်းပေါ်တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကို အတည်ပြုပြီး UEC က တစ်ဖက်သတ်ဆုံးဖြတ်ချက်ချမှတ်၍ ဆောင်ရွက်မည်ဆိုပါက တရားမျှတမှုရှိနိုင်မည်မဟုတ်ကြောင်း၊ UEC အနေဖြင့် ပါတီကိုစစ်ဆေး၍ အတည်ပြုပြီးမှသာလျှင် ဥပဒေနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပြီး လက်ရှိတွင် နိုင်ငံရေးပါတီများစစ်ဆေးခြင်း၊ မဲစာရင်းစိစစ်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း UEC က ထုတ်ပြန်ထားသည်။

Most Read

Most Recent