ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဝန်းကျင်ရှိနေဟု သိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဝန်းကျင်ရှိနေဟု သိရ
Published 27 September 2022

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာကျပ် ၃၀၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ထားပြီး ငွေလဲကောင်တာအများစုတွင် ဒေါ်လာဝယ်ယူမှုသာရှိပြီး  ရောင်းချပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက သုံးထောင်ကျော်နဲ့ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင်တာအချို့မှာ ၃၁၀၀ နဲ့ ဝယ်ပေးနေတာတော့ တွေ့တယ်။ အပြင်စျေးကွက်မှာလည်း ဒေါ်လာစျေးက ၃၂၀၀ ဝန်းကျင်မှာ ငြိမ်နေတဲ့သဘောပေါ့” ဟု နိုင်ငံခြားငွေကြေးရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ်စက်တင်ဘာ ၂၇ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၂၀၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၂၅၀ ကျပ်၊ မလေးရှားရင်းဂစ် ၇၀၀ ကျပ်၊ ထိုင်းဘတ် ၈၆ ကျပ်၊ တရုတ်ယွမ် ၄၇၀ ကျပ်၊ ဂျပန်ယန်း ၂၂.၅ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ အရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့်  နိုင်ငံခြားငွေစျေးနှုန်းဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဟု သိရသည်။

အမေရိကန်နိုင်ငံဗဟိုဘဏ်မှ ထပ်မံ၍အတိုးနှုန်းမြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက် ရှိသည်။ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ စောင့်ကြည့်ရမည့်နိုင်ငံနှင့် ဒေသများစာရင်းမှလွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

Most Read

Most Recent