ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၃၀၀၀ ဝန်းကျင်တွင် တည်ငြိမ်နေပြီး ယနေ့ ပြင်ပစျေးကွက်၌ တစ်ဒေါ်လာ ၃၀၀၀ ဝန်းကျင်သို့ ရောက်ရှိနေဟုသိရ

ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၃၀၀၀ ဝန်းကျင်တွင် တည်ငြိမ်နေပြီး ယနေ့ ပြင်ပစျေးကွက်၌ တစ်ဒေါ်လာ ၃၀၀၀ ဝန်းကျင်သို့ ရောက်ရှိနေဟုသိရ
Published 26 September 2022

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ၂၁၀၀ ကျပ်စျေး သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၃၀၀၀ ကျော်ဝန်းကျင်တွင် တည်ငြိမ်နေကာ ယနေ့ ပြင်ပစျေးကွက်၌ တစ်ဒေါ်လာ ၃၀၀၀ ဝန်းကျင်သို့ ရောက်ရှိနေဟု နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ ကြားသိရသည်။

နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့သည့် ငွေလဲကောင်တာအများစုတွင် ဒေါ်လာရောင်းချခြင်းမရှိဘဲ ဝယ်ယူခြင်းသာ ပြုလုပ်နေပြီး ပြင်ပစျေးကွက်ပိုမိုအရောင်းအဝယ်ပြုလုပ်မှုရှိကြောင်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက သုံးထောင်ကျော်နဲ့ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင်တာအချို့မှာ ၃၀၀၀ နဲ့ ဝယ်ပေးနေတာတော့ တွေ့တယ်။ အပြင်စျေးကွက်မှာလည်း ဒေါ်လာစျေးက ၃၀၀၀ ဝန်းကျင်မှာ ငြိမ်နေတဲ့သဘောပေါ့” ဟု နိုင်ငံခြားငွေကြေးရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၂၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၂၇၀ ကျပ်၊ မလေးရှားရင်းဂစ် ၇၁၀ ကျပ်၊ ထိုင်းဘတ် ၈၇ ကျပ်၊ တရုတ်ယွမ် ၄၈၀  ကျပ်၊ ဂျပန်ယန်း ၂၃ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိကာလတွင် အမေရိကန်နိုင်ငံဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍အတိုးနှုန်း မြှင့်တင်သွားမည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့်အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိပါသည်။

Most Read

Most Recent