အော်ရီဒူးဝယ်ယူသည့်ကိစ္စ ဗဟိုဘဏ်ကို တရားဝင်တင်ပြထားခြင်း မရှိသေးကြောင်းနှင့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဗဟိုဘဏ်ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အော်ရီဒူးဝယ်ယူသည့်ကိစ္စ ဗဟိုဘဏ်ကို တရားဝင်တင်ပြထားခြင်း မရှိသေးကြောင်းနှင့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဗဟိုဘဏ်ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 20 September 2022

အော်ရီဒူးဝယ်ယူသည့်ကိစ္စ ဗဟိုဘဏ်ကို တရားဝင်တင်ပြထားခြင်း မရှိသေးကြောင်းနှင့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဗဟိုဘဏ်ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် The Daily Eleven သတင်းစာက နိုင်ငံခြားမှ ငွေကြေးအမြောက်အမြား ပြည်တွင်းသို့ စီးဝင်လာသည့် ငွေကြေးစီးဆင်းမှုများနှင့်ပတ်သက်၍ မည်သို့ စိစစ်သွားဖို့ ရှိသနည်း၊ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ အစိုးရက မည်သို့စိစစ်ဆောင်ရွက်သွားရန် ရှိသနည်းဟု မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ခုနကပြောတဲ့ အော်ရီဒူးပေါ့။ အော်ရီဒူးနဲ့ပတ်သက်ပြီးတော့ ဆက်သွယ်ရေး မြန်မာပိုင် စင်ကာပူကုမ္ပဏီကနေပြီးတော့ ဒေါ်လာ ၅၆၇ သန်းနဲ့ ဝယ်ယူတဲ့ကိစ္စ၊ ဒီကိစ္စကတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တရားဝင်တင်ပြထားခြင်းတော့ မရှိသေးပါဘူး။ ဒါပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံတယ်ဆိုရင်တော့ ဒီထဲကို Cash တွေ ဝင်မှာဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အားပေးပါတယ်။ ဒါပေမဲ့လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတို့နဲ့လည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် နိုင်ငံခြားငွေစျေးနှုန်းမြင့်တက်ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ငွေလဲနှုန်းထက် ပိုမိုဆောင်ရွက်ကြသည့် ငွေလဲကောင်တာများနှင့် လုပ်ငန်းများကို သတိပေးခြင်း၊ လိုင်စင်ရုတ်သိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

"ဒီငွေစျေးကွက်မှာတော့ နိုင်ငံခြားငွေစျေးနှုန်းမြှင့်တက်ပြီးတော့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတဲ့ကိစ္စတွေမှာ  သူကတော့ ဘဏ်တွေက ပါဝင်ပတ်သက်မှု မရှိစေရန်အတွက် ဗဟိုဘဏ်အနေနဲ့ကတော့ ဘဏ်တွေကို ဒါပြောဆိုတာတွေ ကန့်သတ်တာတွေ ဒါတွေနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီသတ်မှတ်ငွေလဲနှုန်းထက် ပိုမိုဆောင်ရွက်နေကြတဲ့ ဒါငွေလဲတဲ့ ကောင်တာတွေ ဒါတွေကိုလည်း ကျွန်တော်တို့က လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ သတိပေးတာတွေ၊ လုပ်ငန်းလိုင်စင် ရုပ်သိမ်းတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ်လုပ်ငန်းကဏ္ဍအတွင်းမှာ စီးဝင်လာတဲ့ ငွေတွေပေါ့  ခုနကပြောတဲ့ ငွေကြေးခဝါချမှုတို့၊ မူးယစ်ဆေးဝါးတို့ ဒါသက်ဆိုင်တဲ့ ဥပဒေနဲ့မညီတဲ့ ငွေကြေးမျိုး မဖြစ်စေဖို့အတွက် ဘဏ်လုပ်ငန်းကဏ္ဍအတွင်းမှာ မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းအတွက် ဝင်ရောက်လာတဲ့ ငွေတွေကိုလည်း ဒါခုနကပြောတဲ့ စစ်ဆေးမှုတွေတော့ ကျွန်တော်တို့ လုပ်ပါတယ်။ ငွေကြေးခဝါချမှု ရှိ၊ မရှိ၊ အခွန်ဆောင်ပြီး မပြီးတို့ပြီးရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ ဒါသူကတစ်ခုတည်း လုပ်လို့မရဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဒါတရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို စုံစမ်းစစ်ဆေးနေသည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ စီးပွားရေးနှင့်ပတ်သက်သည့် အဖွဲ့အစည်းများကလည်း ငွေကြေးစီးဆင်းမှုများကို လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

"စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြီးရင် သူနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆက်ဆံရေး ပြီးရင် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးနေတဲ့ အဖွဲ့အစည်းတွေ၊ ပြီးရင်ငွေကြေးစီးဆင်းမှုကို စုံစမ်းစစ်ဆေးနေတဲ့ အဖွဲ့အစည်းတွေ ဒါတွေနဲ့ လုပ်ဆောင်ပါတယ်။ ဘဏ်လုပ်ငန်းကဏ္ဍအတွင်းကို ပြည်ပကနေပြီးတော့ မတည်ရင်းနှီးမြှုပ်နှံမှုတွေ ရင်းနှီးမြှုပ်နှံမယ့်အဖွဲ့အစည်းကတော့ ဒါအထောက်အထားတွေ၊ Share Folder စာရင်းတွေပြီးရင်တော့ သက်ဆိုင်ရာသံရုံးတွေက ရင်းနှီးမြှုပ်နှံမှုကိစ္စအပေါ်မှာ သဘောထားမှတ်ချက်တောင်းခံခြင်း၊ သက်ဆိုင်ရာ နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အထောက်အထားတွေ ဒါနှစ်ဦးနှစ်ဖက် သဘောတူညီကြတဲ့ စာချုပ်များကို စိစစ်တာတွေ ပြီးရင်တော့ ကျွန်တော်တို့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကနေ စုံစမ်းစစ်ဆေးရန် သဘောထားမှတ်ချက် တောင်းခံတာတွေ အဆင့်ဆင့်လုပ်ရပါတယ်။ တော်ရုံတန်ရုံနဲ့တော့ မရပါဘူး" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗဟိုဘဏ်အနေဖြင့် ၈/၂၀၂၂ ဖြင့် ညွှန်ကြားချက်တွင် နိုင်ငံငွေကြေးအဖွဲ့အစည်းများ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား အကျိုးတူရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ဗဟိုဘဏ်ရဲ့ ကျွန်တော်တို့ ၇ လပိုင်း ၂၀၂၂ ခုနှစ် ညွှန်ကြားချက် ၈/၂၀၂၂ မှာ ကျွန်တော်တို့  နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းက ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများကို အကျိုးတူရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ညွှန်ကြားချက်တွေရှိပါတယ်။ အဲဒါအတွက် လုပ်ဆောင်ရမယ့် ကန့်သတ်ချက်စာရွက်စာတမ်းတွေ ရှိပါတယ်။ ဒီကန့်သတ်ချက် စာရွက်စာတမ်းက အရွက် ၂၀ လောက် ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး တစ်ချက်ချင်း ရှင်းပြနေရင် ပြီးမှာ မဟုတ်ပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ထိန်းချုပ်ထားတယ်၊ ဘယ်လိုမျိုး ကန့်သတ်ထားတယ် ဒီအချက်အလက်တွေတော့ ၂၁ ချက်လာက်ရှိတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent