ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းကိစ္စများအ​ပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်တရားစွဲထားသည့် အမှုနှစ်မှုအတွက် တရားလိုပြသက်​သေများကို စစ်​ဆေး

ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းကိစ္စများအ​ပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်တရားစွဲထားသည့် အမှုနှစ်မှုအတွက် တရားလိုပြသက်​သေများကို စစ်​ဆေး
Published 19 September 2022

ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းကိစ္စများနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆ နှင့် ၄၉ တို့အတွက် တရားလိုပြသက်​သေနှစ်ဦးကို စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့်သတင်းအရ သိရသည်။

နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် စက်တင်ဘာ ၁၉ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​ဟောင်း ဒေါ်​အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉နှင့် ၅၀ တို့အနက် ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စများဆောင်ရွက်မှုအ​ပေါ် အဂတိဖြင့်တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆ အတွက် တရားလိုပြသက်သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်အား စစ်​ဆေးခဲ့​ကြောင်း သိရသည်။

ထို့ပြင် ယ​င်းရုံးချိန်းတွင် ရဟတ်ယာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့်​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် ပို့ဆောင်​ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကို စစ်ဆေးခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးများနစ်နာဆုံးရှုံးခဲ့ရသည်ဟုဆိုကာ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ထို့ပြင် NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စင်း ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ​ငွေ​ကြေး​​ပေး​ချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှသုံးစွဲထားခြင်းနှင့် ဘဏ္ဍာရေး စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက် နစ်နာဆုံးရှုံးစေခဲ့သည်ဆိုကာ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း သိရသည်။

ယခုအမှုများနှင့်ပတ်သက်၍ဦးဝင်းမြင့်နှင့် ​ဒေါ်​​အောင်ဆန်းစုကြည်တို့ကို စက်တင်ဘာ၂၀ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်းသိရသည်။

Most Read

Most Recent