ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စအ​ပေါ် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် လူကယ်ပြန်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို စစ်​ဆေး

ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စအ​ပေါ် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် လူကယ်ပြန်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို စစ်​ဆေး
Published 5 September 2022

ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲထားသည့်ရာဇဝတ်ကြီးအမှုအမှတ် ၄၆ နှင့် ၄၇ တို့အတွက် တရားလိုပြသက်​သေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအား စစ်​ဆေးခဲ့​ကြောင်း အမှုနင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်​တော်​အချုပ်ထောင်ရှိ အထူးတရားရုံးတွင် စက်တင်ဘာ ၅ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​ဟောင်း ဒေါ်​အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ကြောင်း သိရသည်။

စက်တင်ဘာ ၅ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စများ ဆောင်ရွက်မှုအ​ပေါ် အဂတိဖြင့်တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆ နှင့် ၄၇ တို့အတွက် တရားလိုပြသက်​သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား စစ်​ဆေးခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ တရားလိုပြသက်​သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာနမှ ညွှန်ကြား​ရေးမှူးချုပ်သည် NLD အစိုးရ လက်ထက်ကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာနတွင်ပင် တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများနစ် နာဆုံးရှုံးခဲ့ရခြင်းကြောင့်ဟုဆိုကာ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ဆောင်ရွက်ခဲ့ရာတွင် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်  ကာလအတွက် ​ငွေ​ကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြ ဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည်ဟုဆိုကာ ဦးဝင်းမြင့်နှင့်​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​သည်။

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများအား ​​စက်တင်ဘာ ၆ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်း သိရသည်။

လက်ရှိတွင် ဦးဝင်းမြင့်သည် စစ်​ဆေးပြီးစီးသွားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ်ငါးနှစ်၊ ​ဒေါ်အောင်ဆန်းစုကြည်သည် စစ်​ဆေးပြီးစီးသွားသည့် အမှုများအတွက် ​ထောင်ဒဏ်အနှစ် ၂၀  ချမှတ်ခံထားရကြောင်း သိရသည်။