သတိ - ရန်ကုန်မြို့မှာ ခိုးသူ၊ လုယက်သူတွေ ပေါများနေတယ်

သတိ - ရန်ကုန်မြို့မှာ ခိုးသူ၊ လုယက်သူတွေ ပေါများနေတယ်
Published 5 September 2022
■ ဇော်မင်းနိုင်

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်အတွင်း စက်ဘီး၊ ဆိုင်ကယ်များ မကြာခဏ ပျောက်ဆုံးနေ၍ စိတ်ချလုံခြုံသော သော့ဖြင့်ခတ်ရန် အသိပေးနှိုးဆော်ထားသည့် ဗီနိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)

ဖြစ်စဉ် (၁)

YBS-84 ပေါ်ကို သက်လတ်ပိုင်း လူ ငယ်တစ်ယောက် ပြေးတက်လာတယ်။ ခဏ ကြာတော့ ယာဉ်မောင်းက နောက်ကြည့်မှန်ကို ကြည့်ပြီးအော်ပြောလိုက်တယ်။

“ ရှေ့က အကျႌအနက်နဲ့အစ်ကို။ ကားခ မထည့်ရသေးဘူးလေ”

ကားသမားရဲ့ စကားသံအဆုံးမှာပဲ “ကျွန်တော့်မှာ မပါတော့လို့ပါ” လို့ လူငယ်က ပြန် ပြောလိုက်တယ်။

ကားပေါ်မှာ စကားသံတွေက တိတ်ဆိတ်သွားတယ်။ ကားသမားကလည်း ဘာမှ ဆက်မပြောတော့ဘူး။ ကားကိုလည်း ပုံမှန်ပဲ ဆက်မောင်းနေတယ်။

အပေါ်က ကွန်ပျူတာဆိုင်တစ်ဆိုင်ရဲ့ တံဆိပ်နဲ့ အောက်က ဂျင်းဘောင်းဘီအမည်း ကို ဝတ်ထားတဲ့အသားဖြူဖြူလူငယ်က မိနစ် ၂၀ ကျော် စီးပြီးတဲ့အချိန်မှာတော့ သူဆင်း ရမယ့်မှတ်တိုင်ကို ရောက်လာပါပြီ။ ထိုင်စရာ နေရာကနေ ထလာတဲ့ လူငယ်က ကားသမား ကို ခပ်ကျယ်ကျယ်ပြောလိုက်ပါတယ်။

“ကျွန်တော် ကားခမပေးချင်လို့ မဟုတ်ပါဘူး။ ဖုန်းရော၊ ပိုက်ဆံရော ခါးပိုက်နှိုက်ခံ လိုက်ရလို့ပါ” လို့ လူငယ်က YBS ကားဆရာ ကို ပြောလိုက်ပါတယ်။

“ဆောရီးဗျာ။ မသိလို့ပြောလိုက်မိတာ။ ဘယ်ကားမှာ အနှိုက်ခံရတာလဲ” လို့ ကားဆရာ က ပြန်ပြောလိုက်ပါတယ်။

“ဒီလိုင်းပဲ။ အလာတုန်းက အနှိုက်ခံရ တာ။ ဖုန်းတစ်လုံးနဲ့ ပိုက်ဆံခြောက်သောင်း ပါသွားတယ်။ အခု အိမ်ပြန်ပိုက်ဆံယူတာ” လို့ လူငယ်က ပြန်ပြောပါတယ်။

“ဒီလိုမှန်းသိ ကျွန်တော်အော်မတောင်း ပါဘူးဗျာ။ အပြောခံရတာလည်း စိတ်ထဲ မထားပါနဲ့” လို့ ကားဆရာက ပြန်ပြောလိုက် ပါတယ်။

 

ဖြစ်စဉ် (၂)

လူငယ်အတွဲတစ်တွဲ ဆိုင်ကယ်လေးရပ်ပြီး လမ်းဘေးမှာ စကားပြောနေပါတယ်။ သူတို့ဘေးနားကနေ လူနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်က ဖြတ်သွားပါတယ်။

၁၅ မိနစ်လောက်ကြာတော့ လူငယ်အတွဲက စကားပြောပြီး ဆိုင်ကယ်ပေါ်ကို တက်ပြီး ပြန်ဖို့ပြင်ဆင်နေပါတယ်။ အဲဒီအချိန်မှာ ပဲ လူနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်က ထွက်လာပြီး ကောင်မလေးရဲ့ဆွဲကြိုးကို ဆွဲလုပြီး အရှိန် ပြင်းပြင်းနဲ့ မောင်းထွက်သွားပါတော့တယ်။

“ဆွဲကြိုးလုပြေးလို့ ဖမ်းပေးကြပါ” လို့ အော်ဟစ်နေတဲ့ ကောင်မလေးရဲ့အသံကို ပတ်ဝန်းကျင်လူတွေ ကြားလိုက်ရတဲ့အချိန်မှာ တော့ လုယက်သူတွေစီးလာတဲ့ ဆိုင်ကယ်က ခပ်လှမ်းလှမ်းကို ရောက်သွားပါပြီ။

         

ဖြစ်စဉ် (၃)

“တစ်လထဲမှာ နှစ်ခါအခိုးခံရတာဗျာ” လို့ ဆိုလာသူက သာကေတမြို့နယ် ရှုခင်းသာ တိုက်ခန်းတစ်ခုမှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။

ဆိုင်ကယ်တွေ စီးမရတဲ့အချိန်မှာ ဘက်ထရီစက်ဘီးလေးတစ်စီးကို ကိုအောင်အောင်က စဝယ်လိုက်ပါတယ်။ သူဝယ်ပြီး နှစ်ရက်အကြာမှာပဲ ညဘက် တိုက်ခန်းအောက်မှာ ရပ်ထားတဲ့ ဘက်ထရီဘီးလေးကမနက်မိုးလင်း တဲ့အချိန်မှာ မရှိတော့ပါဘူး။ စက်ဘီးနဲ့တွဲခတ်ထားတဲ့ သံကြိုးလေးက ဖြတ်ရာလေးတွေနဲ့ သူ့ကို နံနက်မိုးလင်းတော့ နှုတ်ဆက်နေပါတယ်။

“အဲဒါ  ပထမတစ်စီး။ နောက်တစ်စီးက လည်း တစ်ပတ်ကျော်လောက်မှာ ထပ်အခိုး ခံရတယ်။ အခုဝယ်ထားတာ သုံးစီးမြောက်ပဲ” လို့ ကိုအောင်အောင်ကဆိုပါတယ်။

သူနောက်ဆုံးဝယ်ထားတဲ့ စက်ဘီးက တော့ ဂျပန်ဘီးလို့ အလွယ်ခေါ်ကြတဲ့ ၂၄ ဆိုက် စက်ဘီးခပ်နွမ်းနွမ်းလေးပဲ ဖြစ်ပါတယ်။

စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့့မှာ ခိုးဆိုးလုယက်မှုတွေက နေရာအနှံ့အလိုလို ဖြစ်ပွားနေတယ်လို့ ဆိုရမှာပါ။

“အခု အစ်ကို့လမ်းမြောင်းဖုံးတွေမရှိတာ တွေ့လား။ အခိုးခံရလို့ ပြန်မဖုံးနိုင်တော့ဘူး” လို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြော ပါတယ်။

လမ်းဘေးမြောင်းဖုံးများ ခိုးယူခံရခြင်း ကြောင့် လမ်းသူလမ်းသားများမှာ ပြန်လည်ဖုံး အုပ်နိုင်ခြင်းမရှိတော့ဘဲ အခိုးခံရသည့်မြောင်း ဖုံးများနေရာတွင် ၀ါးလုံးရှည်များကို ထိုးစိုက် ထားတာကို တွေ့ရပါတယ်။

“အခုက ဘာရရ ခိုးမယ်ဆိုတဲ့အခြေအနေဖြစ်နေတယ်။ မြောင်းဖုံးတွေက သံနဲ့လုပ်ထားတာဆိုတော့ ကောက်မပြီး တင်လိုက်ရုံပဲ” လို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြော ပါတယ်။

ရန်ကုန်တိုင်းရှိမြို့နယ်အများစုမှာ သူခိုး များ ဝင်ရောက်ခိုးယူသည့်ဒဏ်ကို ခံစားနေရ ပြီး အချို့သော နေအိမ်များမှာ နှစ်ကြိမ်သုံး ကြိမ်တိုင်တိုင် ခိုးယူခံရတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။

“ပထမတစ်ခါ အခိုးခံရတုန်းက ၁၀ သိန်း ဖိုးလောက်ပါသွားတယ်။ အဲဒါနဲ့ ခြံစည်းရိုး လည်း သေချာပြန်လုပ်၊ ညဘက်သော့တွေ ဘာတွေလည်း သေချာပြန်စစ်ရတယ်။ အဲဒါ တောင် ဒုတိယအကြိမ်သူခိုးကပ်သေးတယ်။ ဒုတိယတစ်ကြိမ်ကတော့ ဘာမှပါမသွားဘူး။ ခြံစည်းရိုးနားကို ကပ်တာ ခြေရာလက်ရာတွေ တွေ့ရတယ်”လို့ သာကေတမြို့နယ်မှာနေ ထိုင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လုယက်မှု၊ ခါးပိုက်နှိုက်မှုတွေ ကတော့ နေရာတိုင်းလိုလိုဖြစ်ပွားနေတယ် လို့ ရန်ကုန်မြို့ခံအများစုက ပြောပါတယ်။

“ကိုယ့်လမ်းထဲရောက်ပြီဆိုပြီး စိတ်ချ လက်ချမသွားရဲဘူး။ အချိန်မရွေး နေရာမရွေး အလုခံရနိုင်တယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဇူလိုင်လပိုင်းကလည်း Online Shop ဆိုင်တစ်ဆိုင်ရဲ့ တာဝန်ခံအမျိုးသားတစ်ဦး ပစ္စည်းလုယက်သတ်ဖြတ်ခံရမှု လှိုင်သာယာ မြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ပစ္စည်းလုယက် သတ်ဖြတ်ခံရသူက Mercury Online Shopping Mall ရဲ့ ဖြည့်ဆည်းရေးစင်တာ တာဝန်ခံ ကိုအာကာမိုးကိုကို ဆိုသူဖြစ်ပြီး ဇူလိုင် ၆ ရက် ညနေပိုင်းက ရုံးကားမောင်း၍ အိမ်ပြန်စဉ် ပစ္စည်းလုယက် သတ်ဖြတ်ခံရခြင်းဖြစ်ပြီးတော့ လှိုင်သာယာ မြို့နယ်မှာရှိတဲ့ လမ်းဘေးတစ်နေရာမှာ လူနဲ့ ကားကို ပစ်ထားခဲ့တယ်လို့  Mercury Online Shopping Mall က ထုတ်ပြန်‌ပါတယ်။

Mercury Online Shopping Mall  ရဲ့ ထုတ်ပြန်ချက်မှာ “Mercury Online Shopping Mall ၏ ဖြည့်ဆည်းရေးစင်တာ တာဝန်ခံ ကိုအာကာမိုးကိုကိုသည် ယမန်နေ့ည နေက ရုံးကား (Suzuki Pickup) မောင်း၍ အိမ်ပြန်လာရာ မသမာသူ လူ (တစ်ယောက် (သို့မဟုတ်) နှစ်ယောက်မှ) ကားတံခါးဖွင့် တက်လာပြီး ပစ္စည်းလုရာ အသာတကြည် မပေးသဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး လူကိုပါ အသေသတ်သွားခံရပြီး ကားရောလူပါ လှိုင် သာယာလမ်းဘေး တစ်နေရာမှာ ပစ်ထားခဲ့ပါ သည်” လို့ ရေးသားထားပါတယ်။

ကိုအာကာမိုးကိုကိုရဲ့ iphone 12  တစ်လုံး၊ Asus M4 13 DA Laptop နှင့် ကျပ် လေးသိန်းတို့ လုယူခံခဲ့ရပြီးတော့ အဲဒီပစ္စည်း တွေကို လာရောက်ရောင်းချခြင်းတွေရှိရင် ကူညီသတင်းပေးပို့ဖို့လည်း Mercury Online Shopping Mall က မေတ္တာရပ်ခံခဲ့ပါတယ်။

“ကာယကံရှင်၏ iPhone 12 Single 128GB Black - IMEI 3582 0959 5552 204 (Limited Warranty Expired Date: 3/7/2023), ASUS M4 13 DA Laptop နှင့် ငွေကျပ်လေးသိန်း ယူသွားပါသည်။ ကားပေါ်မှာ အဝတ်စုတ်၊ ကွမ်းတံတွေးတွေ ကျန်ခဲ့တာတွေ့ရပါသည်။ ကာယကံရှင်သည် ကွမ်း မစား၊ ဆေးလိပ်မသောက်တတ်ပါ။ အမှုမှန် ပေါ်ပေါက်ပြီးကျူးလွန်သူများ အမြန်ဆုံးဖမ်း ဆီးနိုင်ရေး သိရှိပါက သတင်းပေးနိုင်ပါရန် နှင့် အထက်ဖော်ပြပါပစ္စည်းများ လာရောင်းချ ခဲ့ပါက ကူညီပြီး သတင်းပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်” Mercury Online Shopping Mall က သတင်းထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။

​​​​​​​ဓားပြတိုက်ခံရသည့် TT Diamond Jewellery စိန်အရောင်းဆိုင်ကို တွေ့ရစဉ်

 

အဲဒီလိုပဲ ဇူလိုင်လပိုင်းမှာ ကုန်စည်ပို့ ဆောင်မှုကုမ္ပဏီတစ်ခုရဲ့ Delivary တစ်ဦး ဟာလည်း စက်ဘီးနဲ့ ပစ္စည်းသွားပို့တဲ့အချိန် မှာ လုယက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ ပစ္စည်းလုယက်ခံရသူရဲ့ ငွေကြေးအချို့နဲ့ လက် ကိုင်ဖုန်းတစ်လုံး ဆုံးရှုံးခဲ့ပြီးတော့ ပွန်းပဲ့ဒဏ် ရာတွေ ရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေကတော့ လူသိများခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်ပြီးတော့ YBS ပေါ်မှာ ဖုန်း ခိုးခံရမှု၊ လမ်းမပေါ်မှာ လူမသိသူမသိနဲ့ လု ယက်ခံရမှုတွေကတော့ ဆက်တိုက်နီးပါးရှိ နေတာပဲဖြစ်ပါတယ်။

YBS စီးနင်းသူတွေကို ကားမှတ်တိုင် တွေ၊ ယာဉ်လမ်းကြောမှတ်တိုင်တွေ လမ်းညွှန် ပေးနေတဲ့ YBS လမ်းညွန်ဆိုတဲ့ Facebook ပေ့ချ်မှာဆိုရင်လည်း ခါးပိုက်နှိုက်ခံရတဲ့ဖြစ် စဉ်တွေကို လူတွေက ရေးသားမှုတွေရှိနေပြီး တော့ အဲဒီပေ့ချ်မှာဆိုရင် အနည်းဆုံးတစ်ရက်ကို တစ်မှုကတော့ ဖြစ်ပွားနေတာကို တွေ့့ရ ပါတယ်။

“ညီမ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ။ အချိန်အားဖြင့် ၂ နာရီ ၁၅ မိနစ်ဝန်းကျင်လောက် ဖြစ်မယ်ထင်ပါရဲ့ (လှည်းတန်းမှာပါ)။ ညီမ တစ်ယောက်တည်းသင်တန်းကအပြန် ဦးထွန်း လင်းခြံလမ်းကထွက်ပြီး ကားမှတ်တိုင်သွားဖို့ လမ်းလျှောက်ရင်း၊ ‌အချိန်အားဖြင့်ရယ် ဒီနေ့ က (စက်တင်ဘာ ၃ ရက်) ပိတ်ရက်လည်းဖြစ် တော့ သိတဲ့အတိုင်း လူရှုပ်ပါတယ်။ ညီမက ကျောပိုးအိတ်ကို လွယ်ထားတာပါ။ သင်တန်းမှာအေးလို့ အနွေးထည်ကိုထည့်သွားလေ့ရှိ ပါတယ်။ စာအုပ်တွေနဲ့ဆိုတော့ အိတ်က ဒီနေ့ တအားဖောင်းနေတာမို့ မျက်စိကျစရာ ဖြစ် သွားမယ်လို့လည်း ထင်မိပါတယ်။ ညီမ ဟို ဘက်လမ်းကူးပြီး ကားစီးရမှာဖြစ်လို့ လမ်း လျှောက်နေရင်း ညီမအိတ်ရဲ့ဇစ်ကို ဖွင့်သံ ကြားလိုက်လို့ လှည့်အကြည့်မှာ မိန်းမတစ် ယောက်က အနားကပ်နေပြီး ညီမအိတ်ထဲ သူ့ရဲ့လက်က ရောက်နှင့်ပြီး ဖြစ်နေပါတယ်။ အဲဒါနဲ့ ညီမလည်း ဘာလုပ်တာလဲ‌ အော်ပြော ပြီးလွယ်ထားတဲ့အ ိတ်ကို ပိုက်ပြီး ဟိုဘက်လမ်း ကူးဖို့ ဖောက်ထွက်။ လမ်းကူးတာကို နောက်က နေ တစ်ယောက် မကတော့ဘဲ မိန်းမသုံး ယောက်က ကပ်ပြီးကိုလိုက် လာပါတော့တယ်။  ညီမဟိုဘက်ကိုရောက်ချိန် ညီမစီးမယ့် YBS-82  က ရပ်ထားတာနဲ့ ကြုံတာနဲ့ တစ်ချိုးတည်း လှည့်မကြည့်ဘဲ ကားပေါ်ပြေးတက်တာ မှတ် တိုင်နားရောက်တဲ့အထိကို လိုက်လာတာပါ။ YBS-82 မောင်းတဲ့ဦးလေးကြီးက ညီမလည်း ကားပေါ်အရောက် တံခါးကိုပိတ်ပြီး တန်းမောင်းပေးပါတယ်။ ဦးလေးကြီးက ညီမ ဟို ဘက်ကားလမ်းကူးကတည်းက ဦးလေး သမီး ပုံစံတော်တော် အခက်တွေ့နေတာ သတိထား မိတယ်တဲ့။ ပြီးတော့ အနောက်ကမိန်းမသုံး ယောက်ကလည်း အသည်းအသန်လိုက်နေ တာမြင်နေတော့ သေချာပြီဆိုပြီး စောင့်နေ တာတဲ့။ YBS-82 ဦးလေးကြီးရဲ့ကျေးဇူး ကြောင့် ညီမ‌လွတ်သွားခဲ့ပါတယ်ရှင်။ ဦးလေး ကြီးကိုလည်း ကျေးဇူးတင်ကြောင်း အထပ် ထပ်အခါခါ ပြောခဲ့ပါတယ်။ သူတို့လည်း ကားထွက်သွားတော့ ဝေ့လည်ကြောင်ပတ်နဲ့ သုံး ယောက် စကားပြောနေသလိုလိုနဲ့ကျန်နေခဲ့ ပါတယ်။ အိမ်တောင် ဘယ်စိတ်နဲ့ ဘယ်လို ပြန်ရောက်လာလဲတောင် မသိတော့ပါဘူးရှင်။ ဘာမှတော့ ပါမသွားခဲ့ပါဘူး။အားလုံး သတိ ထားပြီး ဂရုစိုက်သွားလာကြပါရှင်။ ဖြစ်နိုင်ရင် တော့ တစ်ယောက်တည်း မသွားတာ အကောင်းဆုံး ပါ” လို့ YBS လမ်းညွှန်ဂရုမှာ အမျိုးသမီးငယ်တစ်ဦးက သူမရဲ့အတွေ့ အကြုံကို ရေးသားထားပါတယ်။

ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးမြို့နယ်တွေမှာ ဆိုရင်လည်း လက်ထဲဖုန်းကိုင်ပြီး လမ်း လျှောက်နေတဲ့သူတွေ၊ ရွှေငွေလက်ဝတ်လက် စားဝတ်ဆင်ထားတဲ့သူတွေအနေနဲ့သတိထား သွားလာနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

“အနားကို ဆိုင်ကယ်ကပ်လာတဲ့အသံ ကြားရင်၊ ကားတစ်စီးစီး ဖြည်းဖြည်းကပ်လာ ရင် သတိထားနေရတယ်။ ဖုန်းတွေဘာတွေ လက်ကကိုင်ထားရင် တင်းတင်းကိုင်ထားရ တယ်။ ပြောရမယ်ဆိုရင်လမ်းသွားနေရင် သတိထားနေရတယ်” လို့ ရန်ကုန်မြို့ခံတစ် ဦးက ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေအပြင် ဆင်ခြေဖုံးမြို့ နယ်တွေမှာ ခြံထဲမှာစိုက်ပျိုးထားတဲ့ ပန်းအ လှပင်တွေပါ ခိုးယူခံရတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။

“ခြံထဲက ပန်းအိုးတွေကို အမြစ်ကနုတ် ပြီး ခိုးသွားတာ။ ခြံစည်းရိုးနဲ့ ကပ်နေတော့ ပန်းအိုးကိုထဲက အပင်ကို အမြစ်ကနေ နုတ် သွားတယ်။ ပန်းအိုးတောင် မလို့မရလို့ ဒီတိုင်း ထားခဲ့့တာဖြစ်မယ်။ မနက်မိုးလင်းတော့ ခြံထဲ ကြည့်မှ ပန်းပင်တွေအခိုးခံရတာသိတယ်”လို့ မြောက်ဒဂုံမှာနေထိုင်တဲ့သူတစ်ဦးက ပြောပါ တယ်။

ဒါ့အပြင် ဆိုင်တွေမှာ လာရောက်စား သောက်သူ၊ ပစ္စည်းလာဝယ်သူအချို့ရဲ့ စက် ဘီးတွေ မကြာခဏပျောက်ဆုံးမှုတွေရှိနေတဲ့ အတွက်ကြောင့် ရန်ကုန်မြို့မှာရှိတဲ့ဆိုင်တစ် ချို့က သတိပေးစာတွေကို ဗီနိုင်းတွေချိတ်ဆွဲ ပြီး သတိပေးထားရတဲ့အခြေအနေမှာရှိနေပါ တယ်။

“ဆိုင်မှာ လာဝယ်တဲ့သူတွေရဲ့ စက်ဘီး တွေ ခဏခဏပျောက်တယ်။ ကျွန်တော်တို့က လည်း ဘာမှမလုပ်ပေးနိုင်တော့ ဗီနိုင်းချိတ်ပြီး သတိပေးနေရတယ်။ လာဝယ်တဲ့သူများလာ ရင် ဝန်ထမ်းတွေကလည်း သတိမထားမိရင် စက်ဘီးတို့ဘာတို့က ခဏခဏပျောက်နေ တော့ သတိပေးရတာပေါ့” လို့ ရန်ကုန်မြို့ဆင် ခြေဖုံးမြို့နယ်တစ်ခုမှာရှိတဲ့ အစားအသောက် ရောင်းချတဲ့ ဆိုင်တစ်ဆိုင်က တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းမှာ ရှိတဲ့ မြို့နယ်တော်တော်များများမှာ ခိုးယူသူ တွေ လုယက်သူတွေ သောင်းကျန်းနေတယ်လို့ ဆိုရမှာပါ။

“ညဘက်အိပ်ရင် အသံကြားတာနဲ့ ထ ကြည့်နေရတယ်။ သူခိုးများကပ်လာတာလား ဆိုပြီး သတိထားအိပ်နေရတယ်။ မိုးရွာရင်ပို ဆိုးတယ်။ မိုးသံနဲ့ မကြားရတော့ သတိထား အိပ်နေရတယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

Most Read

Most Recent