ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်တရားစွဲထားသည့် အမှုများအတွက် စစ်​ဆေး​နေသည့် တရားသူကြီး ကိုဗစ်ကူးစက်ခံရခြင်း​ကြောင့် ရုံးချိန်းရွှေ့ဆိုင်း

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်တရားစွဲထားသည့် အမှုများအတွက် စစ်​ဆေး​နေသည့် တရားသူကြီး ကိုဗစ်ကူးစက်ခံရခြင်း​ကြောင့် ရုံးချိန်းရွှေ့ဆိုင်း
Published 29 August 2022

ဦးဝင်းမြင့်နှင့်ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲထားသည့်အမှုများအား လက်ခံစစ်​ဆေးနေသည့် မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီး ဦးမြင့်ဆန်း COVID-19 ကူးစက်ခံရခြင်း​​ကြောင့် အမှုများအား စစ်​ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆိုခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် သြဂုတ် ၂၉ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက်ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀  စသည့်အမှုများနှင့်ပတ်သက်၍ စစ်​ဆေးရန်ချိန်းဆိုထားခြင်းဖြစ်​သော်လည်း တရားသူကြီးဖြစ်သူ COVID-19 ရောဂါ ကူးစက်ခံထားရခြင်းကြောင့် အမှုများအားစစ်​ဆေးခဲ့ခြင်းမရှိဘဲဖြင့် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများနစ် နာဆုံးရှုံးခဲ့ရခြင်းကြောင့်ဟုဆိုကာ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းပြချက်ဖြင့် အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ဆောင်ရွက်ခဲ့ရာတွင် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ​ငွေကြေး​​ပေး​ချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည်ဟုဆိုကာ ဦးဝင်းမြင့်နှင့်​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​သည်။

ယခုကိုဗစ်ကူးစက်ခံထားရသည့် တရားသူကြီးသည် အခြားအမှုဖြစ်သည့် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်မှ ပေးအပ်သည့် အ​မေရိကန်ဒေါ်လာငါးသိန်းခွဲအား ဒေါ်​အောင်ဆန်းစုကြည်က ရယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့ကိုလည်း လက်ခံစစ်​ဆေး​နေ​ခြင်းဖြစ်သည်။

Most Read

Most Recent