နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် RCSS ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် RCSS ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ
Published 29 August 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ခေါ်ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၈ ရက်က နေပြည်တော်သို့ ရောက်ရှိလာ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန မှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူ များက ထာဝရ ငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန် ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြ ပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့် စာသားပါ ဆိုင်းဘုတ်များနှင့် နိုင်ငံတော် အလံငယ်များ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် မေ ၂၀ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းကြရန် သဘောတူညီနိုင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် လာရောက်ဆွေးနွေးရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေး လိုလားချက်နှင့် အနာဂတ် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မရောက်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း မည်သည့် အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက် မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

အထက်ပါ ကိုယ်စားလှယ်အဖွဲ့ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားသို့ ရောက်ရှိလာရာတွင်လည်း တာချီလိပ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေး အဖွဲ့အစည်းအများနှင့် နိုင်ငံတော် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားထောက်ခံကြသည့် ဒေသခံတိုင်းရင်းသားများက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံပါသည်၊ ထာဝရငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထောက်ခံပါသည် စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တာချီလိတ်မြို့ ပြည်ထောင်စုလမ်းမကြီးမှ လေယာဉ်ကွင်းအထိ ထောက်ခံ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent