“စိုက်ရေအရဆိုရင် ဒီနှစ်မိုး ပြောစရာမလိုဘူး။ ရေနှစ်ခါတင်ရင် ဒီနှစ်ရှုံးမှာ။ အဲဒါကြောင့်မဲဇာချောင်းဘေး လယ်တွေအားလုံး လျှော့စိုက်ကြတာ”လို့ မန်လည်တိုက်နယ်က တောင်သူ ကိုလှစိုးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မဲဇာမြစ်ဘေးကတောင်သူများသည် စက်သုံးဆီက ဈေးကြီး၊ မိုးကိုလည်း မယုံသဖြင့် လယ်ဧကတွေ လျှော့စိုက်လာကြခြင်းဖြစ်သည်။ အထူးသဖြင့် အင်းတော်မြို့နယ်အတွင်း မဲဇာတိုက်နယ်ကျေးရွာနှင့် မန်လည်တိုက်နယ်ကျေးရွာအတွင်းက မဲဇာချောင်းကမ်းဘေးမှ ယာနှင့် လယ်လုပ်နိုင်သည့် နေရာများမှာ လယ်စိုက်ပျိုးမှု လျှော့ချလိုက်ကြောင်း ဒေသခံ တောင်သူများက ပြောကြားပါတယ်။
■ ဆီဈေးကြောက်၊ စစ်ဘေးကြောက်နေရတဲ့ တောင်သူတွေ
မဲဇာတိုက်နယ်မှ ဒေသခံတောင်သူ ဦးထွန်းထွန်းဝင်းက “မိုးရေခံ လယ်တွေက ပုံမှန် စိုက်ကြပါတယ်။ မစိုက်ဖြစ်တာက မဲဇာချောင်းဘေးက လယ်၊ အခင်းနှစ်သီးစား စိုက်တဲ့နေရာတွေကတော့ အများစု မစိုက်တော့ဘူး။ လယ်စိုက်ရေက မိုးဦးကောင်းတော့ရပေမဲ့ အများစုမစိုက်တာက မိုးက ဟိုအရင်ကာလတွေလို မမှန်တော့ စက်သုံးဆီဖိုး ကြောက်ပြီး မစိုက်ကြတော့တာ။ စိုက်တဲ့သူတွေကလည်း ဝမ်းစာအတွက်ရယ်၊ နေရာကောင်းရယ် ရွေးစိုက်ကြတယ်။ ဒါတောင် နေပူရက် သုံးရက်လောက်ဆိုရင် မသေချာတော့ဘူး။ တအားပူတာ။ ခေတ်ကာလကလည်း ဟိုးနားက ထုံးထုံး၊ ဒီနားက ထုံးထုံးဖြစ်နေတော့ တောင်သူတွေက ရိတ်သိမ်းချိန်ကို စိတ်ပူနေကြတာ။ မဲဇာရွာကြီးဘေးက လယ်တွေကို မစိုက်နိုင်ကြသေးဘူး”လို့ ပြောကြားပါတယ်။
လက်ရှိမှာ အင်းတော်မြို့နယ်အတွင်း စက်သုံးဆီဈေးမှာ ဂါလန် ၅၀ ဝင် ဒီဇယ်တစ်ပီပါကို ကျပ်ခြောက်သိန်း နှစ်သောင်းကျပ်၊ ၉၂ ဆီ ဂါလန် ၅၀ ပါ တစ်ပီပါ ခြောက်သိန်းကျပ်ဝန်းကျင် ရှိနေကြောင်း သိရပါတယ်။ လယ်အတွက် အောင်ရေအနည်းဆုံး နှစ်ကြိမ်တင်ရမည်ဆိုပါက တစ်ဧကလျှင် ဂါလန် ၃၀ ဝန်းကျင်၊ ကာလတန်ဖိုး သုံးသိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ပါတယ်။
မိုးရွာသွန်းမှု ပုံစံပြောင်းလဲခြင်း၊ အပူချိန်တိုးလာခြင်း စတဲ့ ရာသီဥတု မမှန်လာသည့်အတွက် ရေသွင်းစိုက် ပျိုးလာရခြင်းက တောင်သူများကို စိုက်ပျိုးစရိတ် တဖြည်းဖြည်း ကြီးမြင့်လာစေပါတယ်။ ဒါ့ကြောင့် တောင်သူများကို နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် တစ်နှစ်ကျော် အကြာ စက်သုံးဆီဈေး အဆမတန်မြင့်လာခြင်းကြောင့် စိုက်ပျိုးဧကများ လျှော့ချလာခြင်းဖြစ်ပါတယ်။
လက်ရှိမှာ မဲဇာတိုက်နယ် ဂျုံး ဂျ၊ ကျောင်းကုန်း၊ ကြိမ်ချောင်း၊ ကျောက်အိုး၊ နတ်ရေတွင်း၊ မဲဇာ၊ အလယ်ဆိပ်၊ ပင်သချေ၊ သံဘို၊ တုံ စည်၊ တံခွန်တိုင်၊ ညောင်ပင်သာ၊ လောင်းစု၊ မန်လည်၊ ဝါးဖြူတောင်၊ ကျွဲကူး၊ ဆိပ်သာ၊ မန်ဖာ စတဲ့ ကျေး ရွာများမှ ချောင်းဘေးလယ်အများစုမှာ လျှော့ချစိုက်ပျိုးလာကြကြောင်း ဒေသခံများက ဆိုပါတယ်။
မန်လည်တိုက်နယ် ဆိပ်သာ ကျေးရွာက တောင်သူ ဦးမျိုးအောင်က “မဲဇာချောင်းဘေးလယ်တွေကတော့ တစ်ဝက်လောက်ပဲ စိုက်ကြတော့တယ်။ လုပ်အားခတွေကလည်း တက်နေတော့ ရေမတင်ရဘူးဆိုရင်တောင် စပါးတင်း ၁၀၀ ကို လေးသိန်းလောက်ကျနေပြီ။ ရိပ်ခ၊ ခြွေလှေ့ခ၊ သယ်ခ ကျန်သေးတယ်။ အောင်ရေအတွက် ရေစက်မောင်းတင်ရင် စပါးတစ်တင်း ရှစ်ထောင် ကပ်သွားပြီလေ။ စပါးအောင်ရေမိုးကလည်း အရင်ကလို မမှန်တော့ဘူးဗျ။ အခုဆီဈေးနဲ့က မစိုက်ဘဲ ဝယ်စားတာကမှ မြတ်ဦးမယ်။ ဒါက မြေသြဇာဈေး၊ ပိုးသတ်ဆေးဖိုးတွေ မပါသေးဘူး။ မဲဇာချောင်းရိုး တစ်ရိုးလုံး ဒီအတိုင်းပဲ ထင်ပါတယ်။ အဓိက ဝမ်းစာကိုအခြေခံတွက်ပြီး စိုက်ရတဲ့နှစ်ဖြစ်သွားတာပေါ့”ဟု ပြောကြားပါတယ်။ လက်ရှိမှာ အထွက်တိုးစပါးမျိုးဖြစ်သည့် ဆင်းဧကရီ-၃ (ဒေသအခေါ်ချင်း-၃) မှာ တင်း ၁၀၀ ကို ပေါက်ဈေး ခုနစ်သိန်းရှိပြီး တန်ဖိုးမြင့် စပါးဖြစ်တဲ့ လုံးသွယ်မွှေးစပါးမှာ တင်း ၁၀၀ လျှင် ကိုးသိန်း ကျပ်ဝန်းကျင်ရှိနေပါတယ်။
မဲဇာမြစ်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မြစ်ဖျားခံတဲ့ ၈၃ မိုင်ခန့် ရှည်လျားတဲ့ မြစ်တစ်စင်းဖြစ်ပြီး မြစ်ဘေးကျေးရွာ တစ်ရာဝန်းကျင်မှ မြစ်ကမ်းဘေး နှစ်သီးစား စိုက်ကွင်းများမှာ စပါးစိုက်ပျိုးမှု တစ်ရွာလျှင် ပျှမ်းမဧက ၅၀ ခန့် လျော့နည်းနေတဲ့ အခြေ အနေဖြစ်ကြောင်း ဒေသတွင်း တောင်သူများနဲ့ တောင်သူလုပ်ငန်းနဲ့ ဆက်စပ်သူများက ဆိုပါတယ်။
မန်လည်တိုက်နယ်မှ ဒေသခံ တောင်သူဦးအုန်းမောင်က “အရင် နှစ် ၄၀ လောက်တုန်းကဆိုရင် မိုးက လစဉ်ရှိတယ်။ လယ်ရေတင်တာ မပြောနဲ့ စက်ဆိုတာက မီးရထား၊ ဆန်စက်လောက်ရှိတာ။ ရေစုပ်စက်ဆိုတာ မကြားဖူးဘူး။ အခုဟာတွေ က ၂၀၀၀ ခုနှစ်ဝန်းကျင်မှ ပေါ်လာတာ။အရင်က မိုးရာသီ ရေတင်ရတယ်ဆိုတာ မကြားမှ မကြားဖူးတာ”ဟု ဆိုပါတယ်။
■ မိုးကိုမယုံကြည်တော့တဲ့ တောင်သူတွေ
“လဆုတ် ၁ ရက်၊ လဆန်း ၁ ရက်မိုးတွေ ရွာရင် ခုနစ်ရက်။ အခုနောက်ပိုင်း မိုးမှန်မှန်နဲ့ လေးနာရီလောက် ရွာတာကို မတွေ့ဖူးတော့ဘူး။ ရွာရင် ဟောခနဲပဲ။ ပြီးရင် ပျောက်ရော။ ငယ်ငယ်ကဆိုရင် မိုးရွာလွန်းလို့ ခြင်းကျားမျက်ခွက်ကို ကျောက်ခဲထည့်ပြီး ဒါပြည့်အောင်ရွာ၊ ကျောက်ခဲအရည်ပျော်အောင် ရွာဆိုပြီး မိုးကို ကျိန်စာတိုက်ယူရတယ်။ ရာသီဥတုက မိုးနည်းပြီး ဆိုးတဲ့ဘက်ကို ပြောင်းနေတာ”လို့ မဲဇာတိုက်နယ်မှ အသက် ၇၀ ကျော်အရွယ် တောင်သူ ဦးခင်အောင်က ဆိုပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ မှတ်တမ်းအရလည်း ကသာခရိုင်သည် မိုးရေချိန် တဖြည်းဖြည်းနည်းလာပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များတွင်လည်း မိုးရေချိန် ၄၀ လက်မအောက် လျော့နည်းခဲ့တဲ့နှစ်ဖြစ်ရာ မိုးခေါင်လွန်းသည့် နှစ်အဖြစ်သာမက ဒေသခံတောင်သူများက ဆုံးရှုံးမှုကြီးမားတဲ့ နှစ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ကသာခရိုင်အတွင်း ပုံမှန်မိုးရေချိန် မှာ ၆၀ ဒသမ ၁၅ လက်မ ရရှိပါတယ်။ ၂၀၂၁ ခုနှစ်သည် ကသာခရိုင်အတွင်း ၃၈ ဒသမ ၃၉ လက်မ သာ ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တွင် ကား ထိုထက်နည်းကာ ၃၁ ဒသမ ၇၆ လက်မဖြင့် စံချိန်တင်ခဲ့ပါတယ်။ အရင်အနည်းဆုံးနှစ်တွေက ၂၀၀၂ ခုနှစ်က ၄၂ ဒသမ ၇၈ လက်မ၊ ၁၉၉၈ ခုနှစ်မှာ ၄၁ ဒသမ ၄၃ လက် မ၊ ၁၉၉၉ ခုနှစ်မှာ ၄၁ ဒသမ ၉၄ လက်မတို့ဖြစ်ပါတယ်။
မိုးရေချိန် လက်မ ၄၀ အောက် ဆိုသည်မှာ မန္တလေး၊ မုံရွာ၊ ပခုက္ကူဒေသတွေမှာ ရှိခဲ့တဲ့ မိုးရေချိန်က ဒေသတွင်းရောက်လာပါတယ်။
မဲဇာတိုက်နယ်က အသက် ၇၀ ကျော် ဦးအောင်သိန်းက “၂၀၁၉ ခုနှစ်ရယ်၊ ၂၀၂၁ခုနှစ်ရယ် လယ်လုပ်ကြတာ ရယ်စရာကြီး။ ဝါဆိုလမှာ လယ်ကွင်းထဲ ဖုန်တွေထနေလို့။ အရင်ကတော့ “ဘန့်ဘွေး၊ ကျွန်း ညို ကျီးရိပ်ခို” ဆိုရင် မိုးကျပြီ။ ပျိုးကျဲ လို့ရပြီပေါ့။ ဒေသအယူကတော့ သစ်တောတွေ ပြုန်းလို့၊ ဆရာတော် သံဃာတော်တွေကို ပြစ်မှားလို့လို့ အယူရှိကြတာပဲ။ ကိုယ်ပိုင်ယူဆချက်ကတော့ သစ်တောပြုန်းလို့ ယူဆတယ်။ တောင်တွေသာမြင်နေရတာ သစ်ကြီး၊ ဝါးကြီးမှ မကျန်တော့တာ။ ဒီအတိုင်းသွားရင် နောင်နှစ် လေးငါးဆယ် လယ်မှ လုပ်နိုင်ကြဦးမလား။ အခုကြည့်လေ ဒီနှစ်မိုးမှ မဲဇာချောင်းရေမကြီးရင် ရှစ်နှစ်ရှိပြီ။ ချောင်းရေမကြီးတာ။ အရင်က နှစ်တိုင်း တစ်နှစ်မှမပြတ်ဘူး။ တစ်နှစ် သုံးလေးကြိမ် ရေတက်တာ။ အခု ရေမရောက်တော့ နှစ်တိုင်း အခင်းတွေ ကြွက်ဘေးကျတယ်။ မြေပဲလည်း အထွက်နှုန်း ကျလာတယ်”လို့ ဆိုပါတယ်။ လူပျိုပေါက်အရွယ် အထိ ရွာမှာ ခြင်မရှိဘူးဆိုတာက အခုလူငယ်တွေ မယုံနိုင်ကြကြောင်း တအံ့တသြလည်း ပြောပါသေးတယ်။
■ သောင်းကျန်းလွန်းတဲ့ ကြွက်ဘေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မဲဇာမြစ်ရိုးမှာ ကြွက်သောင်းကျန်းမှုကို ၂၀၁၇ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်မှစတင် ခံစားခဲ့ကြရခြင်းဖြစ်ပြီး အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါတယ်လို့ ဒေသခံ တောင်သူများက ဆိုပါတယ်။
ဒေသခံတောင်သူအများစု သုံးသပ်ချက်အရ မဲဇာမြစ်ရိုးမှာ ကြွက်များသောင်းကျန်းမှုမှာ မြစ်ရေကြီးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး မဲဇာမြစ်ရေကမ်းလျှံသည်အထိ ရေမကြီးသည်မှာ ခုနစ်နှစ်ရှိပြီ ဖြစ်ကြောင်း၊ ကြွက်များကို စားသုံးသည့် တောကြောင်များ၊ မြွေများ ရှားပါးပြုန်းတီးလာခြင်းနှင့် သက်ဆိုင်ခြင်းများ ရှိနေသည်ဟု သုံးသပ်ကြပါတယ်။
မဲဇာမြစ်ကမ်း၊ အလယ်ဆိပ်အုပ်စုတွင် လယ်နှင့်ယာခင်းကို ပူးတွဲလုပ်ကိုင်နေတဲ့ ဦးထွန်းထွန်းဝင်းက “ကြွက်များတာက အဓိက ရေမကြီးလို့ထင်တယ်။ ရေကြီးရင် မျှောပါတာ။ သတ်စားခံရတာတွေ ရှိတယ်။ အရင်တုန်းက ဒီလို ကြွက်ဘေးမရှိဘူး။ ရေလည်းနှစ်တိုင်းလောက် ကြီးတယ်။ အခုက ရာသီဥတုပြောင်းပြီး မိုးခေါင်လာတာ နှစ်ဆက်လို ဖြစ်လာပြီ။ နောက်ပြီး တောကြောင်တို့၊ မြွေတို့လည်း အဆိပ်တွေစားမိပြီး ပြန်သေတာတွေကို ဖြစ်ကုန်တာ။ ကြွက်စားမယ့်ကောင်မရှိတော့ မဲဇာရိုးတစ်ရိုးလုံး ရွာတွေ ဆယ်ချီပြီး တောင်သူတွေ ကြွက်ဆေးဖိုး သုံးသောင်းလောက် ကုန်တာ။ လပိုင်းဆိုရင် ပြန်ပွားပြန်တာပဲ။ ကြွက်တွေ အများစုကလည်း ရေနဲ့နီးတဲ့ မြစ်ကမ်းဘေး အခင်းတွေ မှာ စုတာပဲ။ ပိုက်တွေ ဝယ်တားရ၊ ကြွက် ဆေးဖိုးကုန်ရနဲ့ ရမယ့်ဟာတွေထဲက ဖဲ့ပါကုန်တာ”လို့ ဆိုပါတယ်။
မဲဇာမြစ်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ မြစ်ဖျားခံတဲ့ ၈၃ မိုင်ခန့် ရှည်လျားတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။ မဲဇာမြစ်ကို ကျေးရွာပေါင်း တစ်ရာကျော်မှီခိုနေရပြီး မြစ်ကမ်းနံဘေးမှ စိုက်ခင်းများ အလွန်အကျိုးပြုသည့် မြစ်တစ်စင်း ဖြစ်ပါတယ်။ ယခုအခါ ကြွက်ဆေးဖိုးပင် တောင်သူတစ်ဦးလျှင် သုံးသောင်းနှင့်တွက်လျှင်ပင် တောင်သူဦးရေ ငါးထောင်ရှိရင် နှစ်စဉ်ကျပ် သိန်းပေါင်း ၁၅၀၀ အထက်မှာ ရှိနေပါတယ်။
စိုက်ပျိုးရေးအရာရှိ ဦးအောင်မျိုးဝင်းက ကြွက်ဘေးကို မြန်မာနိုင်ငံ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ကျရောက်ခဲ့ပြီး ကြွက်များဟာ အခြားအရပ်မှ အစာရှားပါးမှုကြောင့် ပြောင်းလာခြင်းနဲ့ ဒေသတွင်း ကြွက်များအတွက် အစာရေစာ ပတ်ဝန်းကျင်ကောင်းခြင်းများကြောင့် ပေါက်ဖွားနှုန်းမြင့်တက်လာမှုကြောင့်ဖြစ်တတ်ကြောင်း သုံးသပ်ပါတယ်။
၎င်းက “စုပေါင်းပြီး မနှိမ်နှင်းရင် မအောင်မြင်ဘူး။ ကြွက်သတ် ဆေးသုံးတာလည်း အကောင်းဆုံး နည်းမဟုတ်ပါဘူး။ စုပေါင်းကြွက်ရှာတာ၊ ခွေးတွေနဲ့ရှာတာ၊ အသိုက်အမြုံဖျက်တာ၊ ကြွက်ထောင်ချောက် လုပ်တာ။ ကြွက်သတ်ဆေးက တကယ်တမ်း မထိရောက်ပါဘူး။ သဘာဝအစာရှိရင် ကြွက်သတ်ဆေးပါတာကို မစားတာမျိုးတွေရှိတယ်။ အစာကွင်းဆက်က အကောင်တွေ သေဆုံးတာမျိုး ဘေးထွက်ဆိုးကျိုးပါရောက်ကုန်တယ်။ ကြွက်က ၂၁ ရက် ပဲ ကိုယ်ဝန်ဆောင်တော့ အစာကောင်းရင် မျိုးပွားမှုက အရမ်းမြင့်တယ်။ အစာမရှိရင်လည်း မျိုးမပွားဘဲ အကြာကြီးနေကြတယ်။ နောက်ဆုံးနည်းကတော့ ကိုယ်ဝန် မဆောင်နိုင်တဲ့ဆေးတွေ ကျွေးတာပါ လုပ်ကြရတာမျိုးရှိပါတယ်”လို့ ပြောကြားပါတယ်။
သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးပညာရှင် ဦးနေမျိုးရွှေက ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း (Climate Change) နဲ့ ဂေဟစနစ်ပျက်ယွင်းခြင်းကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရပြီး စိုက်ပျိုးရေးအတွက်ကြီးမားသည့် ရိုက်ခတ်မှုဖြစ်ကြောင်း သုံးသပ်ပါတယ်။
၎င်းက “အဓိကတော့ တောင်သူတွေ အဆိပ်ကျွေးပြီး ဖြေရှင်းတာမျိုးထက် စိုက်ပျိုးရေးပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းစေချင်တယ်။ ဂေဟစနစ်နဲ့ ပြောမယ်ဆိုရင် ကြွက်ကို စားမယ့် ကြောင်၊ မြွေ၊ ငှက်တွေပါ လိုက်သေတာမျိုးတွေ ဖြစ်မယ်။ စားမယ့်ကောင်တွေမရှိတော့ ပိုမျိုးပွားမယ်” လို့ ပြောကြားပါတယ်။
မဲဇာမြစ် ရေမကြီးသရွေ့တော့ ကြွက်ကပ်ဘေးက တောင်သူတွေ လွတ်ဖို့လမ်းစ မမြင်ရသေးပါ။
■ ပြုန်းလိုက်တဲ့ တောကြီးတွေ
တရုတ်နိုင်ငံသို့ သစ်မှောင်ခိုလုပ်ငန်းများဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကျော်ဖြတ်ကာ ၂၀၀၀ ခုနှစ်နောက်ပိုင်း မှစတင်ကာ NLD အစိုးရ နှစ်နှစ် တာကာလ ၂၀၂၂ ခုနှစ်အထိ ပွင့်လင်းရာသီအစပိုင်းမှစတင်ကာ မိုးကျသည်အထိ ကြီးမားတဲ့ မှောင်ခိုလုပ်ငန်းအဖြစ် ရှိနေခဲ့ပါတယ်။
အဖိုးတန်သစ်အများဆုံးထွက်တဲ့ ကသာခရိုင်က တမလန်း၊ ပိတောက်နဲ့ ကျွန်းတွေကအဓိက ပို့ကုန်တွေဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်ကလည်း တရားဝင် အခြားသစ်မာ အင်၊ ကညင်နှင့် အခြားသစ်မာတွေ ထုတ်ကုန်တော့ရှိသမျှ တောတွေ လင်းကုန်ပါတယ်။ ငယ်ငယ်က လေးခွနဲ့ပစ်လျှင် အပင်ထိပ်မရောက်နိုင်တဲ့ လုံးပတ် လူတစ်ရပ်ကျော်တဲ့ အင်ကညင်ပင်တွေပင် မကျန်တော့။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ ဖြစ် ပြီးနောက်ပိုင်း ပြောင်းလဲသွားသည်က သစ်စက်တွေ များလာတာ၊ ရွှေမှော်တွေ များလာတာက ကသာခရိုင်မှာ သိသိသာသာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး သံလမ်းရိုး တစ်လျှောက်က မြို့ရွာများနဲ့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာ သစ်ကောင်းများ ရှားပါးလာခြင်းကလည်း ကသာခရိုင်က သစ်တောများ သစ်ခိုးထုတ်မှုများစေတဲ့ အကြောင်း တစ်ရပ်ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ပွင့်လင်းရာသီ တစ်လျှောက်လုံး အုံနဲ့ ကျင်းနဲ့ ထုတ်လုပ်ခဲ့သော်လည်း တရုတ်နယ်စပ်များက ကိုဗစ်ရောဂါအကြောင်းပြကာ မှောင်ခိုဝင်ပေါက်များ တင်းကျပ်ခဲ့သဖြင့် ခိုးထုတ်မှုမှာ ယခုနှစ်လောက် မများခဲ့ချေ။
လွန်ခဲ့သည့်နှစ်က တောဖြစ် ကျွန်းသစ်တစ်တန် ကျပ်သုံးသိန်းခွဲ ဝန်းကျင်မှာ ယခုနှစ်တွင် ခြောက်သိန်းနီးပါး ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကသာခရိုင်အတွင်းက ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့် မြို့နယ်များအတွင်း ကြိုးဝိုင်း၊ ကြိုးပြင်ဧရိယာဧက ၁၃ သိန်းကျော်ရှိ သစ်တောများမှာ အစုလိုက် အပြုံလိုက် ခိုးထုတ်နေကြပြီး ခေတ်ကာလတစ်လျှောက်လုံးတွင် အမြန်ဆုံးနှင့် အများဆုံးခိုးထုတ်နေကြခြင်း ဖြစ် ကြောင်း ဒေသခံများက ဆိုပါတယ်။
မဲဇာချောင်းရိုးအနောက်ဘက်မှာ သစ်မှောင်ခို ခိုးခုတ်ခဲ့သူတစ်ဦးက “မဲဇာချောင်း အနောက်ကမ်းမှာ လူတစ်ဖက်ကျော်တဲ့ ကျွန်းပင်တစ်ပင်မှ မကျန်တော့တဲ့နှစ်ပါပဲ။ အားလုံးပြောင်သွားပြီ။ သုံးပေ၊ လေးပေတိုတွေ ဝယ်တဲ့အခါ အားလုံးထုတ်ပစ်လိုက်ကြတယ်။ ဈေးကလည်း သိန်းကြီးဈေးပေးတာကိုး” ဟု ဆိုပါတယ်။
သစ်တောသစ်ပင် ပြုန်းတီးခြင်းကလည်း နွေနဲ့ မိုးရာသီမှာ သိသာပြီး မိုးလေဝသ အခြေအနေကို ဖြစ်စေကြောင်း ဒေသခံများက ဆိုပါတယ်။
မဲဇာတိုက်နယ်က တောင်သူ ကိုထွန်းအေးက “မိုးမှာ ရယ်စရာဖြစ်နေတာ။ သံလမ်းအနောက်ခြမ်းက လူက မိုးတွေရွှဲလို့၊ ရေတွေ အိုင်လို့။
နန့်သဲဘက်ရောက်တော့ ဖုန်ကို မွန်းနေတာ။ နှစ်မိုင်လောက် ဝေးတာကို အဲဒီလို ဖြစ်နေတာ။ ဒီမှာ မိုးကြီး လေကြီးဖြစ်နေရင် အဲဒီဘက်လည်း မိုးဖွဲလောက်တော့ ဖြစ်ရမှာ မဟုတ်ဘူးလား။ မနှစ်ကလည်း ကျွန်တော် တို့နယ်ဘက်အထိ ရှစ်မိုင်လောက်ဝေးတဲ့ ကွန်းချောင်း၊ ကြိမ်ချောင်း တစ်ကြော မိုးရွာလို့ စပါးအောင်ရေ ရကြတယ်။ တစ်နယ်တည်း ဖြစ်နေကြတာနော်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက “သစ်တောပြုန်းတာက ဒေသတွင်းမိုးလေဝသ အခြေအနေကို ထိခိုက်တာရှိတယ်။ သစ်တောကြီးတွေက ဒေသတွင်းမှာ အပူချိန် သမမျှတစေတယ်။ မိုးရွာရင် မြေဆီလွှာတွေ ထိန်းထားနိုင်တယ်။ ရေကို ထိန်းထားနိုင်တယ်။ ရာသီဥတု ပြောင်းလဲခြင်းမှာကျတော့ ကာဗွန်တွေကြောင့် ကမ္ဘာ့အပူချိန်တိုးတယ်။ ကာဗွန်ကို စုပ်ယူတာ သစ်ပင်၊ သစ်တော ဖြစ်နေတယ်။ တောင်သူတွေ အနေနဲ့ သစ်တောအပြောင်ရှင်းစိုက်ပျိုးမှုထက် သစ်ပင်သီးနှံ ရောနှောစိုက်တာ။ လယ်ဘေး၊ အခင်းဘေးက သစ်ပင်တွေ ချန်ထားတာက ရေရှည် မြေဆီလွှာထိန်းသိမ်းရာရောက်တယ်” လို့ ဆိုပါတယ်။
■ ကပ်ဘေးဆောင်းရာသီတွေ ဖြစ်လာတဲ့ အကြောင်းတရားတွေ
ကမ္ဘာ့ရာသီဥတုကြီးတစ်ခုလုံး ပြောင်းလဲခြင်း အကြောင်းခံက ကမ္ဘာ့အပူချိန် တိုးလာမှုကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့အပူချိန်တိုးလာစေတဲ့ အကြောင်းက နေရောင်ခြည်က လာတဲ့ အပူတွေကို ကမ္ဘာ့လေထု အပြင်ပြန်မထွက်စေဘဲ လေထုထဲတွင် စုပ်ယူထားမှုကြောင့် ဖြစ်ပါ တယ်။ အပူစုပ်ယူမှုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း စသည်တို့ကို လူသားတို့ စက်မှုတော်လှန်ရေးနဲ့အတူ ၁၈ နှောင်းပိုင်းမှ စတင်ထုတ်လွှတ်ခဲ့ရာ ယင်းဓာတ်ငွေ့များ လေထုထဲတွင် ရှိနေခြင်း၊ ယနေ့ ထက်တိုင် ပိုမိုထုတ်လုပ်နေခြင်းများက ကမ္ဘာ့အပူချိန်ကို တိုးသည်ထက် တိုးလာစေပါတော့တယ်။ ကမ္ဘာ့အပူချိန်တိုးလေ၊ ကမ္ဘာ့လေထု တုန်လှုပ်လေ၊ ပိုမိုဆိုးဝါးသည့် ကပ်ဘေး ဆောင်ရာသီဥတု ဖြစ်စဉ်တွေများ လေနဲ့ လူသားတစ်ရပ်လုံး ဒုက္ခရောက်ကြလေ ဖြစ်နေတော့တယ်။
အကျိုးဆက်များအနေဖြင့် ကမ္ဘာ့အပူချိန်တိုးလာခြင်း၊ မိုးရွာသွန်းမှု ပုံစံပြောင်းလာခြင်း၊ ရေရှားပါးလာခြင်း၊ မုန်တိုင်းပိုမို ဝင်ရောက်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း စသည့်ရာသီဥတု ပြောင်းလဲမှုဒဏ်ကို တစ်ကမ္ဘာလုံးနည်းတူ မြန်မာနိုင်ငံလည်း ခံစားနေရပါတယ်။
ရာသီဥတု၏ ပြောင်းလဲမှု အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသတွင် ၁၉၈၀ မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်စုနှစ် တစ်ခုတိုင်းတွင် ပျမ်းမျှ အပူချိန် သုည ဒသမ ၃၅ ဒီကရီ စင်တီဂရိတ် အထိ တိုးလာနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများက ဆိုပါတယ်။
လွန်ကဲတဲ့ ရာသီဥတုဖြစ်ရပ်များအတွက် ကောက်ပဲသီးနှံကဏ္ဍအတွက် ခုခံနိုင်စွမ်းနည်းပါးသဖြင့် ရာသီဥတုပြောင်းလဲမှုသည် စားနပ်ရိက္ခာဖူလုံမှု၊ အဟာရပြည့်ဝမှုနဲ့ အသက်မွေးဝမ်းကျောင်းအလုပ် အကိုင်တို့အပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုကို ဆန်းစစ်ခြင်း၊ မူဝါဒ ရေးဆွဲသူများနဲ့ စီမံကိန်းရေးဆွဲသူများအတွက် အနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။
အပူချိန်တိုးလာတဲ့ အကျိုးဆက်အပြင် မိုးရွာသွန်းမှုပုံစံ ပြောင်း လဲလာခြင်း၊ မိုးများခြင်း၊ မိုးနည်းခြင်း၊ မိုးမမှန်ခြင်းစတဲ့ အကျိုးဆက်တွေကို မြန်မာတောင်သူတွေ ခံစားနေကြရ ပါတယ်။
အင်းတော်မြို့က ဆန်စက်ပိုင်ရှင်၊ စိုက်ပျိုးရေး ဆေးဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစံဦးက “စက်ဆီဈေးကြီးလို့လျှော့တာရယ်၊ စစ်ဘေးပဋိပက္ခ ဝင်မွှေတာရယ်ကြောင့် ရွာတိုင်းမှာ လျှော့စိုက်နေကြတယ်။ အရင်က မြေဆီရောင်းပေမဲ့ ဈေးကြီးတော့ တောင်သူ မသုံးနိုင်တော့ဘူး။ သယ်ဖို့လည်း အရမ်းခက်သွားတယ်။ မနှစ်ကတည်းက စပါးစိုက်တောင်သူတွေ အောင်ရေမရလို့ တံစဉ်လွတ် (လုံးဝမရိတ်သိမ်းရသည့် လယ်ကွက်) တွေ ဖြစ်ကုန်တာ။ ဒီနှစ်ဆီဈေးနဲ့ဆိုတော့ လယ်လုပ်ဖို့ ကြောက်သွားတာလည်း ပါတယ်”ဟု ပြောကြားပါတယ်။
ရာသီဥတုဒဏ်အပြင် စစ်ဘေးဒဏ်ကြောင့်လည်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ခက်ခဲနေပြီး ဓာတ်မြေသြဇာ ဈေးများ အဆမတန် မြင့်တက်လာမှုကြောင့် တနင်္သာရီတိုင်းအတွင်းမှ တောင်သူအချို့ စပါးစိုက်ပျိုးမှု ရပ်ဆိုင်းလိုက်ကြောင်း တွေ့ရပါတယ်။ မြန်မာတောင်သူများမှာ နည်းပညာနှင့် သတင်းအချက်အလက်ကြောင့် အားနည်းချက်ကြောင့် ကမ္ဘာ့ရာသီအပြောင်းအလဲနှင့် အကျွမ်းတဝင် မသိသေးသည်မှာလည်း ရေရှည် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဆင်ကန်းတော့တိုးသည်နှယ် ဖြစ်ကုန်ပါတယ်။
အင်းတော်မြို့နယ် စိုက်ပျိုးရေးဌာနက မြို့နယ်တွင်း စပါးစိုက်ပျိုးမှုမှာ မိုးရေခံလယ်အများစုဖြစ်ကြောင်း၊ ယခင်ကာလများက မိုးမှန်သဖြင့် ချောင်းမြောင်းများဖြင့် လယ်စိုက်ပျိုးမှုမှာ အလွန်ချောမွေ့တဲ့ ဒေသတစ်ခုဖြစ်ပြီး ယခုအခါတွင် ရာသီဥတု ပြောင်းလဲခြင်းများကြောင့် စပါးစိုက်ပျိုးရေးမှာ အထိနာသည့် နှစ်များရှိလာခဲ့ကြောင်း၊ မြို့နယ်တွင်း ပုံမှန် မိုးစပါး စိုက်ဧက ၅၅၉၈၀ ဧက၊ နွေစပါး စိုက်ဧက ၇၉၂ ဧကရှိပြီး လက်ရှိတွင် ဧက ၃၀၀၀ ကျော် စိုက်ပျိုးပြီးစီးခဲ့သည့် အခြေအနေဖြစ်ကြောင်း ဦးသိန်းခိုင်က ဆိုသည်။ ယင်းက “ကျွန်တော်တို့ ကွင်းဆင်းနိုင်သလောက်တော့ မိုးရေက နေရာတိုင်းနီးပါး ရတယ်။တချို့နေရာတွေမှာ စိုက်ဧကပါ တိုးနေတယ်။ မစိုက်နိုင်ကြသေးတဲ့နေရာက မငြိမ်းချမ်းတာနဲ့၊ မဲဇာချောင်းဘေး အနည်းငယ်လောက်ပဲ ရှိမယ်။ ဆီဈေးကြီးတော့ မိုးရေကို ရသလောက် ထိန်းထားစေချင်တယ်။ မြေသြဇာဆိုရင်လည်း သဘာဝမြေသြဇာတွေကို အားထားစေချင်တယ်။ ပညာပေးလုပ်ငန်းတွေ လုပ်နေပေမဲ့ နယ်မြေက မတည်ငြိမ်တော့ နေရာတိုင်းကို ကျွန်တော်တို့ မရောက်နိုင်ဘူး။ တောင်သူတွေ အများစုလည်း Climate Change (ရာသီဥတု ပြောင်းလဲခြင်း) နှင့် အကျွမ်းမဝင်သေးဘူးဗျ ။ပညာပေး လုပ်ငန်းတွေ လိုက်လုပ်နိုင်တဲ့ တောင်သူက နည်းသေးတယ်”ဟု ဆိုပါတယ်။
■ မြန်မာ့တောင်သူတွေအတွက် အကြီးဆုံးစိန်ခေါ်နေသည့် မုတ်သုံမိုး
မြန်မာနိုင်ငံ၏ လယ်ယာစိုက် ပျိုးရေးစနစ်မှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာအတွင်း ရွာသွန်းသည့် မုတ်သုံမိုးကို အခြေခံကြရပါတယ်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဝန်းကျင် က မိုးဥတုတွင် မိုးရွာရက် ၁၄၄ ရက် ရှိခဲ့သော်လည်း ဆယ်စုနှစ် သုံးခုအတွင်း ရက်ပေါင်း ၁၂၁ ရက်သို့ ကျဆင်းလာကြောင်း မိုးလေဝသနှင့် ဇလဗေဒမှတ်တမ်းများက ဆိုသည်။ မိုးရွာရက် ၂၃ ရက် တိုသွားခြင်းကလည်း စိုက်ပျိုးရေးလုပ်ငန်းကို အပြောင်းအလဲ ကြီးကြီးမားမားဖြစ်စေပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထိုက်က Climate Change ကြောင့် မုတ်သုံကာလ တိုးတောင်းခြင်းဖြစ်ပြီး မုတ်သုံမိုးကာလ ဆက်လက်တိုမည်ဟု မိုးဇလအချက်အလက်များအရ သုံးသပ်ထားပါတယ်။
ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ဦးတင်ထိုက်က “ကချင်ပြည်နယ်တို့၊ စစ်ကိုင်းတိုင်း မြောက်ပိုင်းတို့က မုတ်သုံနောက်ဆုံးမှဝင်ပြီး အရင်ဆုံးထွက်တာလေ။နောက်ထပ်လည်း မုတ်သုံမိုး ရွာချိန်က တိုသွားဖို့ပဲရှိတယ်။ မြန်မာနိုင်ငံအတွက် မုတ်သုံမိုးက အရေးကြီးတယ်။ ကမ္ဘာ့ပညာရှင်တွေကတော့ အနောက်တောင်မုတ်သုံလေဟာ ပျောက်သွားနိုင်တယ်လို့ သုံးသပ်ကြတာတွေရှိတယ်”ဟု ဆိုသည်။
ရာသီဥတု ပြောင်းလဲလာသည့် ဖြစ်စဉ်အတွက် စိုက်ပျိုးရေး ကဏ္ဍတွင် ထိခိုက်မှု နည်းရန်အတွက် ပိုမိုကောင်းမွန်သည် ရေအသုံးချစနစ်၊ မြေဆီလွှာ ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် စီမံခန့်ခွဲမှုကောင်းများလိုအပ်ပြီး လွန်ကဲသည့် မိုးခေါင်မှုနှင့် ရေလွှမ်းမိုးမှုများအတွက် ခံနိုင်ရည်ရှိသည့် အပင်မျိုးစိတ်များ စိုက်ပျိုးခြင်း လုပ်ဆောင်သင့်ကြောင်း အထက်ပါ မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း၊ မူဝါဒရေးဆွဲသူများနှင့် စီမံကိန်းရေးဆွဲသူများအတွက် အနှစ်ချုပ်တွင် ဖော်ပြထားသည်။
စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေးဌာနက ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ဧက ၁၈၂၅၀၀၀ (၁၈ သိန်းကျော်) ရာထားရာတွင် ၁၈၆၀၀၀၀ ဧကကျော် စိုက်ပျိုးခဲ့ကြောင်း၊ တစ်ဧက ပျှမ်းမျှ အထွက်နှုန်း ၈၀ ဝန်းကျင်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးစပါးစိုက် ဧက ငါးသိန်းကျော် စိုက်ပျိုးပြီးစီးထားကြောင်း၊ စိုက်ပျိုးနေဆဲဖြစ်ကြောင်း၊ မြေသြဇာဈေးများ အဆမတန် မြင့်မားနေခြင်း၊ အခြားသော အကြောင်းတရားအမျိုးမျိုးကြောင့် လွန်ခဲ့သည့်နှစ် မိုးစပါးစိုက်ဧကကို မီရန်မှာ မျှော်မှန်း၍ မရကြောင်း ဆိုသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနက အနာဂတ်ကာလတွင် ဆည်ရေသောက် လယ်ယာလုပ်ငန်း တိုးမြှင့်ရေးမူဝါဒများချမှတ်ခြင်း၊ ရာသီဒဏ်ခံနိုင်ပြီး အထွက်တိုးသည့်သက် ငယ်စပါးမျိုးများကို ထုတ်လုပ်နိုင်ရန် သုတေသနပြုနေကြောင်း သိရ သည်။
နှစ်ပေါင်း ငါးဆယ်ကျော် တောင်သူလုပ်သက်ရှိသူ ဦးမောင်ဦးက “ဒီလိုတွေ မိုးနည်းလာတာ ဘယ်နှစ်ကလဲလို့မေးရင် မပြောတတ်ဘူး။ တဖြည်းဖြည်းနဲ့ ဖြစ်လာတယ်။ ရာသီစပါးလို့ခေါ်တဲ့ သက်ကြီးစပါးဆိုရင် ပျောက်ပြီလေ။ တန်ဆောင်မုန်းလပြည့်မှာ အစုံထွက်တဲ့ စပါးမျိုးပေါ့။ “ဖုံးတုန်း၊ လုံးတုန်း တန်ဆောင်မုန်း”ဆိုတဲ့ ဆိုရိုးက ပျောက်သွားပြီ။ ဆယ်နှစ်ကျော်တော့မယ် ရာသီစပါးပျောက်တာ။ မနှစ် မိုးအကြီးအကျယ် ခေါင်လိုက်တာ ဧရာမင်း၊ ပဒေသာ၊ မှော်ဘီတွေ ထိတယ်။ တုတ်ဖွေး၊ လုံးသွယ်မွှေး သက်တာတယ်။ ဒဏ်မခံတာပယ်။ ဒဏ်ခံတဲ့ စပါးမျိုးထားပေါ့။ အများစုက လယ်ဘေးတွေမှာ မိုးရေစုကန် တူးကြတယ်။ ကျွဲ၊ နွားအတွက်ရေရ။ လယ်အတွက်လည်း လိုတဲ့အချိန် ရေယူပေါ့။ ရာသီတွေကလည်း ငယ်ငယ်ကနဲ့ နှိုင်းကြည့်ရင်ဖောက် ပြန်လာတာ ကြောက်စရာကြီးပဲ။ တအားကွာခြားသွားပြီ”ဟု ဆိုပါတယ်။










