ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်တရားရုံး ၁၄ ခု တိုးချဲ့ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်တရားရုံး ၁၄ ခု တိုးချဲ့ဖွင့်လှစ်
Published 19 August 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်တရားရုံး ၁၄ ခု တိုးချဲ့ဖွင့်လှစ်ပြီး ဖွင့်လှစ်သည့် ခရိုင်တရားရုံးများအောက်တွင် မြို့နယ်အချို့ပါဝင်သက်ရောက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သြဂုတ် ၁၇ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအရ သိရသည်။

ဖွင့်လှစ်သည့် ခရိုင်တရားရုံးများနှင့် ပါဝင်သည့် မြို့နယ်များမှာ တိုက်ကြီးခရိုင်တရားရုံးအောက်တွင် တိုက်ကြီးမြို့နယ်၊ လှည်ကူးခရိုင်တရားရုံးအောက်တွင် လှည်းကူးမြို့နယ်၊ မှော်ဘီခရိုင်တရားရုံးအောက်တွင် မှော်ဘီနှင့် ထန်းတပင်မြို့နယ်၊ မင်္ဂလာဒုံခရိုင်တရားရုံးအောက်တွင် မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အင်းစိန်ခရိုင်တရားရုံးအောက်တွင် အင်းစိန်မြို့နယ်နှင့် လှိုင်သာယာ(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)မြို့နယ်၊ သင်္ဃန်းကျွန်းခရိုင်တရားရုံးအောက်တွင် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ရန်ကင်းနှင့် တာမွေမြို့နယ်၊ ဗိုလ်တထောင်ခရိုင်ရုံးအောက်တွင် ဗိုလ်တထောင်၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်နှင့် သာကေတမြို့နယ်၊ ဒဂုံမြို့သစ်ခရိုင်တရားရုံးအောက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ဆိပ်ကမ်း)မြို့နယ်များ၊ သန်လျင်ခရိုင်တရားရုံးအောက်တွင် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းနှင့် ကိုကိုးကျွန်းမြို့နယ်များ ပါဝင်ကြောင်း သိရသည်။

အလားတူ တွံတေးခရိုင်တရားရုံးအောက်တွင် တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ကျောက်တံတားခရိုင်တရားရုံးအောက်တွင် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်နှင့် ဒဂုံမြို့နယ်၊ အလုံခရိုင်တရားရုံးအောက်တွင် အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းခရိုင်တရားရုံးအောက်တွင် မရမ်းကုန်း၊ လှိုင်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ ကမာရွတ်ခရိုင်တရားရုံးအောက်တွင် ကမာရွတ်နှင့် မရမ်းကုန်းမြို့နယ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါမြို့နယ်များအတွင်း ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် တရားမမှုများကို စစ်ဆေးစီရင်နိုင်ရန် ဖော်ပြပါခရိုင်တရားရုံး ၁၄ ခုအား ဖွင့်လှစ်ပြီး စီရင်ပိုင်ခွင့်အာဏာအပ်နှင်းလိုက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာစာ၌ ဖော်ပြထားသည်။

နစကလက်ထက်တွင် တစ်နိုင်ငံလုံး၌ ခရိုင်များတိုးချဲ့ဖွင့်စည်းခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၌ ခရိုင်တရားရုံးများ တိုးချဲ့ဖွဲ့စည်းသည့်အတွက် ရန်ကုန်တိုင်းတွင် (ယခင်အရှေ့ပိုင်းခရိုင်တရားရုံး၊ အနောက်ပိုင်းခရိုင်တရားရုံး၊ မြောက်ပိုင်းခရိုင်တရားရုံးနှင့် တောင်ပိုင်းခရိုင်တရားရုံများရှိခြင်းကြောင့်) စုစုပေါင်းခရိုင်တရားရုံး ၁၈ ခုရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent