Facebook ကို အစားထိုးနိုင်ရန် Social Media Platform တစ်ခု တီထွင်နေပြီး ဝန်ကြီးဌာနများနှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နစက ပြောကြား

Facebook ကို အစားထိုးနိုင်ရန် Social Media Platform တစ်ခု တီထွင်နေပြီး ဝန်ကြီးဌာနများနှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နစက ပြောကြား
Published 17 August 2022

Facebook ကို အစားထိုးနိုင်ရန် Social Media Platform တစ်ခု တီထွင်နေပြီး ဝန်ကြီးဌာနများနှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သြဂုတ် ၁၇ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် Facebook နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ပြောလိုတာက ဒီဟာသည် တော်တော်ကို အန္တရာယ်များနေတဲ့ဟာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒါကို ကန့်သတ်နိုင်ရေး လုပ်ဆောင်နေပါတယ်။ ကန့်သတ်နိုင်ရေး လုပ်ဆောင်တဲ့အချိန်မှာ နှစ်နည်းနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ နံပါတ်(၁) နည်းကတော့ ဒါကန့်သတ်လိုက်တဲ့အခါမှာ အားလုံးသိတဲ့အတိုင်းပဲ ကျော်လို့ခွလို့ရတဲ့ နည်းလမ်းရှိတာကို။ ကျော်လို့ရတဲ့ နည်းလမ်းတွေနဲ့ ကျော်နေတာမျိုးတွေ ရှိပါတယ်။ VPN ခံပြီး ကျော်တာမျိုးတွေ ရှိပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ဒီဟာကို ဆက်လက်ပြီးတော့ မလုပ်ဆောင်နိုင်ရေးပေါ့၊ မလုပ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့လည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။ သို့သော် အပြည့်အဝအောင်မြင်မှုတော့ မရသေးပါဘူး။ ကျွန်တော်တို့မှာ နောက်ထပ်လုပ်ဖို့ တာဝန်ရှိလာတာ တစ်ခုရှိပါတယ်။ ဒီဟာကို သုံးစွဲပြီးသား လူတစ်ယောက်သည် မသုံးစွဲဖို့အတွက် မရပါဘူး။ သူ့ရဲ့ စိတ်ရဲ့ အလိုဆန္ဒပေါ့၊ ဒါကိုလည်း ကျွန်တော်တို့က ကြည့်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် ဒါကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီနေရာကို အစားထိုးနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ Social Media Platform တစ်ခုကို တီထွင်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ကြီးဌာန နှစ်ခု၊ သုံးခု ပေါင်းပြီး၊ ပြီးရင်တော့ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် Facebook တွင် ကြော်ငြာနေသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ကုမ္ပဏီများကိုလည်း ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နောက်ထပ်အချက်အနေနဲ့ကတော့ ကန့်သတ်မှုတွေပေါ့။ ကန့်သတ်မှုတွေဆိုတာသည် ဒီ Facebook Team အနေနဲ့ Facebook အနေနဲ့ ဘယ်ကနေပြီးတော့ မြန်မာနိုင်ငံမှာ ဒီလောက်ပြလို့ရအောင် ဘယ်ကနေပြီးတော့ ဝင်ငွေတွေ ရရှိနေသလဲဆိုတော့ ဒါ ကြော်ငြာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီ ကြော်ငြာတွေနဲ့ပတ်သက်ပြီးတော့ ကြော်ငြာနေတဲ့သူတွေ၊ ရရှိနေတဲ့သူတွေနဲ့ပတ်သက်ပြီး မြန်မာကုမ္ပဏီများ၊ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ကုမ္ပဏီများကိုလည်း ကျွန်တော်တို့အနေနဲ့က ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်’’ဟု ပြောကြားသည်။

Facebook အနေဖြင့် မြန်မာနိုင်ငံ၏ National Identity ၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအပေါ်တွင် အများအပြားလွှမ်းမိုးမှုရှိနေသည်ကို တွေ့ရပြီး နိုင်ငံရေးမငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေခြင်းများသည် Facebook ပေါ်တွင် ဖြစ်ပွားနေခြင်းဖြစ်ကြာင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အများအားဖြင့် နိုင်ငံရေး မငြိမ်မသက်ဖြစ်အောင် လုပ်တာတွေ၊ အခု လောလောဆယ်မှာ ဖြစ်နေတဲ့ ဆူပူအကြမ်းဖက်မှုတွေကို အများဆုံး လှုံ့ဆော်နေတာသည် Facebook ပေါ်ကပဲ ဖြစ်ပါတယ်။ Facebook အနေနဲ့ သူတို့ Facebook ကိုင်တွယ်နေတဲ့လူတွေ Facebook နဲ့ပတ်သက်ပြီး ကိုင်တွယ်နေတဲ့ အဖွဲ့အစည်းအနေနဲ့ကတော့ အမျိုးမျိုး ပြောတာပေါ့ဗျာ" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent