၂၀၂၂-၂၃ ရာသီရဲ့ စပိန်လာလီဂါပြိုင်ပွဲကိုတော့ ဒီတစ်ပတ်မှာ စတင်ယှဉ်ပြိုင်ကစားသွားမှာပါ။ လာလီဂါဟာ ဥရောပထိပ်တန်းလိဂ် (၅)ခုထဲမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဥရောပစူပါဖလား အစရှိတဲ့ ဥရောပအဆင့်မြင့်ဆုံးသောပြိုင်ပွဲတွေမှာ အအောင်မြင်ဆုံးလိဂ်ဖြစ်သလို၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့လိုအသင်းတွေကြောင့် ပရိသတ်အားပေးမှုမြင့်မားတဲ့ လိဂ်ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုခမ်းနားထည်ဝါတဲ့ အစဉ်အလာမှတ်တမ်းကောင်းတွေနဲ့ လာလီဂါပြိုင်ပွဲရဲ့ရာသီသစ်တစ်ခုမစတင်မီမှာ ဒီရာသီလာလီဂါကိုတန်းတက်လာခဲ့တဲ့ အယ်လ်မီရီယာ၊ ဗယ်လာဒိုလစ် နဲ့ ဟီရိုနာအသင်းတွေရဲ့ ပြိုင်ပွဲအစဉ်အလာမှတ်တမ်းနဲ့ ရာသီသစ်အလားအလာတွေအကြောင်းကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

အယ်လ်မီရီယာ
စပိန်နိုင်ငံ၊ အန်ဒါလူစီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် အယ်လ်မီရီယာအသင်းဟာ (၂၁)ရာစု လာလီဂါဘောလုံးပရိသတ်နဲ့ မစိမ်းတဲ့အသင်းပါပဲ။ အယ်လ်မီရီယာဟာ (၂၁)ရာစု အတွင်း စပိန်လာလီဂါပြိုင်ပွဲကို (၆)ရာသီကြာ ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး ၂၀၁၄-၁၅ ရာသီက နောက်ဆုံးအကြိမ်ယှဉ်ပြိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ (၂၁)ရာစုအတွင်း ပထမဆုံးယှဉ်ပြိုင်ခွင့်ရတဲ့ ၂၀၀၇-၀၈ ရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် (၈)နေရာရခဲ့ဖူးတာက အသင်းသမိုင်းရဲ့ အမြင့်ဆုံးအောင်မြင်မှုဖြစ်လို့ အယ်လ်မီရီယာအနေနဲ့ အစဉ်အလာပိုင်းမှာတော့ အတော်လေးကို အားနည်းတဲ့အသင်းလို့ပဲဆိုရမှာပါ။ ဒါပေမဲ့ လက်ရှိအယ်လ်မီရီယာအသင်းအဖြစ် တရားဝင်ဖွဲ့စည်းခဲ့တာက ၁၉၈၉ ခုနှစ် ဇူလိုင်လအတွင်းကဖြစ်လို့ အယ်လ်မီရီယာအသင်းရဲ့ သက်တမ်းဟာ (၃၃)နှစ်သာရှိသေးပြီး ဒီရာသီလာလီဂါပြိုင်ပွဲရဲ့ သက်တမ်းအနုဆုံး အသင်းလည်းဖြစ်နေပါတယ်။ ဒီတော့ အသင်းရဲ့သက်တမ်းနဲ့ တွက်ချက်မယ်ဆိုရင် အယ်လ်မီရီယာအနေနဲ့ ပျမ်းမျှ (၆)ရာသီတိုင်း လာလီဂါပြိုင်ပွဲမှာ တစ်ကြိမ်ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်နေပြီး ဒါဟာအသင်းငယ်တစ်သင်းအတွက်တော့ ကျေနပ်စရာစွမ်းဆောင်ရည်မှတ်တမ်းလို့ဆိုရပါလိမ့်မယ်။ အယ်လ်မီရီယာအသင်းအနေနဲ့ ၂၀၁၄-၁၅ ရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် (၁၉)နေရာသာရရှိခဲ့ပြီး ဆီဂန်ဒါဆီတန်းဆင်းခဲ့ရကာ ၂၀၁၅-၁၆ ရာသီကစလို့ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီအထိ ဆီဂန်ဒါ ပြိုင်ပွဲမှာ (၇)ရာသီဆက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဆီဂန်ဒါကို တန်းဆင်းပြီးချိန် အစောပိုင်းကာလတွေဖြစ်တဲ့ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ရာသီတွေမှာ အဆင့် (၁၈၊ ၁၅၊ ၁၈) နေရာတွေနဲ့ ရုန်းကန်နေရပြီး Primera Division RFEF (စပိန်ဘောလုံးလိဂ် တတိယတန်း) အထိ တန်းဆင်းဖို့နီးစပ်ခဲ့တာပါ။ ဒါပေမဲ့ အယ်လ်မီရီယာအသင်းဟာ ၂၀၁၈-၁၉ ရာသီကစလို့ အသင်းရဲ့အနာဂတ်စီမံကိန်းတွေကို အပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး လာလီဂါဆီတစ်ကျော့ပြန်ရောက်ရှိဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၉-၂၀ ရာသီနဲ့ ၂၀၂၀-၂၁ ရာသီ ဆီဂန်ဒါပြိုင်ပွဲမှာ (၂)ရာသီဆက် အဆင့် (၄)နေရာရရှိခဲ့ပြီး Play-off ယှဉ်ပြိုင်မှုတွေမှာ ရှုံးနိမ့်ခဲ့ရလို့သာ လာလီဂါကို စောစောစီးစီးပြန်မရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီမှာတော့ အယ်လ်မီရီယာအသင်းဟာ အမှားအယွင်းအ ဖြစ်မခံတော့ဘဲ အသင်းရဲ့ အကောင်းဆုံးပုံစံနဲ့အတူ ဆီဂန်ဒါချန်ပီယံအဖြစ်နဲ့ (၈)နှစ်ကြာဝေးကွာနေတဲ့ လာလီဂါပြိုင်ပွဲဆီ တစ်ကျော့ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။ အယ်လ်မီရီယာအသင်းဟာ ပြီးခဲ့တဲ့ရာသီ ဆီဂန်ဒါပြိုင်ပွဲမှာ သွင်းဂိုး (၆၈)ဂိုးသွင်းယူပြီး ဗယ်လာဒိုလစ်ရဲ့နောက် ဒုတိယသွင်းဂိုးအများဆုံးအသင်းဖြစ်ခဲ့သလို၊ ပေးဂိုး (၃၅)ဂိုးသာခွင့်ပြုခဲ့ရတဲ့ ခံစစ်ကလည်း ပြိုင်ပွဲရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကြောင့်လည်း အယ်လ်မီရီယာရဲ့ တစ်ကျော့ပြန်လာလီဂါခြေလှမ်းက ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာဖြစ်ခဲ့ပြီး ဆီဂန်ဒါချန်ပီယံအသင်းအနေနဲ့ လာလီဂါမှာ ဘယ်လောက်ထိစွမ်းဆောင်ပြနိုင်မလဲဆိုတဲ့ မေးခွန်းတွေက ပိုမိုကျယ်လောင်လာခဲ့တာပါ။ လာလီဂါကိုတစ်ကျော့ပြန်ရောက်ရှိခဲ့ပြီးတဲ့နောက် အယ်လ်မီရီယာအသင်းဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားခေါ်ယူမှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ကစားသမားသစ် (၆)ဦးခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒီ (၆)ဦးထဲမှာ (၄)ဦးကိုတော့ ဇူလိုင် (၆)ရက်နေ့ကနေ (၁၁)ရက်နေ့အတွင်း ဆက်တိုက်ခေါ်ယူခဲ့တာဖြစ်ပြီး လော်ရီယန့်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဟူဘလန်မန်ဒက်စ်၊ မန်ယူအသင်းရဲ့ ဆလိုဗက်ကီးယား လူငယ်ကွင်းလယ်လူ ဆိုက်ဗာစကီ၊ ပါတီဇန်ဘဲလ်ဂရိတ်အသင်းရဲ့ ဆားဘီးယားယူ-၁၉ တိုက်စစ်မှူး မီလိုဗာနိုဗစ်နဲ့ ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလ် ယူ-၂၀ နောက်ခံလူ ကိုင်ကေးတို့ကို ခေါ်ယူထားနိုင်ခဲ့တာက အသင်းရဲ့အနာဂတ်အတွက်ပါ ကျေနပ်စရာဖြစ်စေမှာအမှန်ပါ။ အသင်းကို ဆီဂန်ဒါချန်ပီယံအဖြစ်နဲ့ လာလီဂါပြိုင်ပွဲဆီ တစ်ကျော့ပြန်ပို့ဆောင်ပေးခဲ့တဲ့ စပိန်လူမျိုးနည်းပြ ရူဘီဟာ လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်အဝပေးသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ဆီဂန်ဒါပြိုင်ပွဲမှာလည်း အယ်လ်မီရီယာအသင်းဟာ လူငယ်ကစားသမားတွေရဲ့ လုပ်အားနှုန်းနဲ့အတူ အောင်ပွဲခံနိုင်ခဲ့တာပါ။ အယ်လ်မီရီယာအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ဆီဂန်ဒါချန်ပီယံခရီးလမ်းမှာ အဓိကကျခဲ့တဲ့ တိုက်စစ်မှူး အူမာဆာဒစ်၊ ကွင်းလယ်လူ ရာမာဇာနီ၊ ဂိုးသမား ဖာနန်ဒို၊ နောက်ခံလူ ဆာဒန်ဘာဘစ်နဲ့ ကွင်းလယ်လူ ပိုဇိုတို့ကို အသင်းမှာ ဆက်ထိန်းနိုင်ခဲ့သလို လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလမပြီးဆုံးမီမှာပဲ နောက်ထပ်ကစားသမား (၃)ဦးခန့် ထပ်မံခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အသင်းရဲ့ သက်တမ်းနုနယ်ပြီး၊ ခမ်းနားတဲ့ အစဉ်အလာမှတ်တမ်းကောင်းတွေမရှိပေမယ့် ဆီဂန်ဒါချန်ပီယံဖြစ်ခဲ့တဲ့ ယုံကြည်မှု၊ စုစည်းမှုရှိတဲ့ကစားဟန်နဲ့ မာကျောကျစ်လျစ်တဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေကြောင့် အယ်လ်မီရီယာအသင်းရဲ့ ရာသီသစ် လာလီဂါတိုက်ပွဲဟာ စိတ်လှုပ်ရှားစရာကောင်းနေတာအမှန်ပါပဲ။ လက်ရှိအခြေအနေရသုံးသပ်ရမယ်ဆိုရင်တော့ ဒီရာသီလာလီီဂါပြိုင်ပွဲမှာ အယ်လ်မီရီယာအနေနဲ့ တန်းမဆင်းရဖို့ သေချာသလောက်ဖြစ်နေတယ်လို့ပဲ ဆိုရမှာပါ။

ဗယ်လာဒိုလစ်
အသင်းသမိုင်းတစ်လျှောက် လာလီဂါပြိုင်ပွဲမှာ (၄၅)ရာသီအထိ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဗယ်လာဒိုလစ်အသင်းကို မော်ဒန်ခေတ် ဘောလုံးပရိသတ်တွေ သတိပြုမိတဲ့ အဓိကအကြောင်းအရင်းတွေထဲ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုပိုင်ဆိုင်တဲ့အသင်းဆိုတာက ထိပ်ဆုံးကပါဝင်ပါလိမ့်မယ်။ ရော်နယ်လ်ဒိုဟာ ၂၀၁၈ စက်တင်ဘာလမှာ ဗယ်လာဒိုလစ်အသင်းရဲ့ ရှယ်ယာ (၅၁%)ကို ယူရိုသန်း (၃၀)နဲ့ဝယ်ယူပြီး အသင်းရဲ့အဓိကပိုင်ရှင်ဖြစ်လာခဲ့သလို လက်ရှိအချိန်မှာတော့ ဗယ်လာဒိုလစ်ရဲ့ ရှယ်ယာ (၈၂%)အထိပိုင်ဆိုင်ထားပြီး အသင်းရဲ့ပိုင်ရှင်အဖြစ်ရော၊ ဥက္ကဋ္ဌအဖြစ်ပါဆောင်ရွက်နေသူဖြစ်ပါတယ်။ ဗယ်လာဒိုလစ်အနေနဲ့ လာလီဂါပြိုင်ပွဲသမိုင်းမှာ (၄၅)ရာသီအထိယှဉ်ပြိုင်ခဲ့ဖူးပေမဲ့ အမြင့်ဆုံးရပ်တည်နိုင်ခဲ့တာက ၁၉၆၂-၆၃ ရာသီ အဆင့် (၄)ဖြစ်တာကြောင့် အစဉ်အလာပိုင်းအားနည်းတဲ့အသင်းတစ်သင်းလို့ပဲဆိုရပါလိမ့်မယ်။ (၂၁)ရာစုအတွင်း ကြည့်မယ်ဆိုရင်တော့ ဗယ်လာဒိုလစ်အနေနဲ့ လာလီဂါပြိုင်ပွဲမှာ (၁၂)ရာသီအထိယှဉ်ပြိုင်ဖူးတာကြောင့် ပြိုင်ပွဲအတွေ့အကြုံအားကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး ၂၀၂၀-၂၁ ရာသီမှာ နောက်ဆုံးယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်လို့ လာလီဂါပရိသတ်နဲ့ ရင်းနှီးတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ၂၀၂၀-၂၁ ရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် (၁၉)နဲ့ တန်းဆင်းခဲ့ရတဲ့ ဗယ်လာဒိုလစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီ ဆီဂန်ဒါပြိုင်ပွဲမှာတော့ အဆင့် (၂)နေရာရရှိပြီး ချက်ချင်းဆိုသလို တန်းပြန်တက်အောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ ဗယ်လာဒိုလစ်ရဲ့ လာလီဂါတန်းတက်အောင်ပွဲမှာ ပရိသတ်တွေသတိပြုထားမိခဲ့တာက အသင်းပိုင်ရှင်ရော်နယ်လ်ဒိုရဲ့ သူ့ကတိအတိုင်း တာဝေးစက်ဘီးစီးပြီး အောင်ပွဲခံခဲ့တာပါပဲ။ ဗယ်လာဒိုလစ်အနေနဲ့ ပြီးခဲ့တဲ့ရာသီ ဆီဂန်ဒါပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်မီရီယာနဲ့ အမှတ်တူခဲ့ပေမဲ့ ထိပ်တိုက်တွေ့ဆုံရလဒ်ကြောင့်သာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး တစ်ရာသီလုံး ခြုံကြည့်မယ်ဆိုရင်တော့ အသင်းအနေနဲ့ အကောင်းဆုံးပုံစံပြနိုင်ခဲ့တာတွေ့ရပါတယ်။ ဗယ်လာဒိုလစ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက အဓိကကျခဲ့တဲ့ ကစားသမားအားလုံးကို ဆက်ထိန်းနိုင်ခဲ့တာက ကျေနပ်စရာဆိုပေမဲ့ လက်ရှိအပြောင်းအရွှေ့ကာလမှာ ဗီလာ ရီးယဲလ်ဂိုးသမား အဆန်ဟိုတစ်ဦးကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားနိုင်တဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုက စိတ်ပျက်စရာဖြစ်နေပြီး ကစားသမားသစ်ခေါ်ယူမှုတွေသာ ထပ်မလုပ်နိုင်ခဲ့ဘူးဆိုရင် ရာသီသစ်လာလီဂါပြိုင်ပွဲမှာ တန်းမဆင်းရဖို့ကိုပဲ အဓိကဦးစားပေးတိုက်ပွဲဝင်ရမယ့်အခြေအနေမျိုးဖြစ်နေတယ်လို့ပဲဆိုရမှာပါ။

ဟီရိုနာ
၁၉၃၀ ခုနှစ်မှာ စတင်တည်ထောင်ပြီး သက်တမ်း (၉၂)နှစ်ရှိပြီဖြစ်တဲ့ ဟီရိုနာအသင်းဟာ ၂၀၁၇-၁၈ ရာသီမှာမှ လာလီဂါ ပြိုင်ပွဲကို ပထမဆုံးအကြိမ် တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ဒါဟာ အသင်းသမိုင်းရဲ့ စပိန်ဘောလုံးလိဂ်ပြိုင်ပွဲတစ်လျှောက်အမြင့်ဆုံးသော အောင်မြင်မှုဖြစ်ပါတယ်။ ဟီရိုနာအသင်းအနေနဲ့ အဲဒီရာသီလာလီဂါပြိုင်ပွဲမှာ အမာကျောဆုံးခြေစွမ်းကိုပြသပြီး အဆင့် (၁၀)နဲ့ရာသီသိမ်းခဲ့လို့ တန်းတက်အသင်းတစ်သင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တစ်ခုအဖြစ် ပရိသတ်တွေသတိပြုမိခဲ့ပေမဲ့ နောက်ရာသီဖြစ်တဲ့ ၂၀၁၈-၁၉ ရာသီမှာတော့ အဆင့် (၁၈)နဲ့ ဆီဂန်ဒါဆီ တန်းပြန်ဆင်းခဲ့ရပါတယ်။ ဒါပေမဲ့ ဟီရိုနာ ကိုချီးကျူးရမှာက ဆီဂန်ဒါကိုတန်းပြန်ဆင်းရချိန်မှာလည်း အသင်းရဲ့ဟန်ချက်ကို မပျက်ယွင်းသွားအောင် တည်ဆောက်နိုင်ခဲ့တာပါ။ ပုံမှန်အရဆို ဒီလိုအခြေအနေမျိုးမှာ တော်ရုံအသင်းငယ်တစ်သင်းအတွက် ပြန်လာဖို့ခက်ခဲပေမဲ့ ဟီရိုနာကတော့ ဆီဂန်ဒါကိုပြန်ရောက်တဲ့ ၂၀၁၉-၂၀ ရာသီကစလို့ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီအထိ (၃)ရာသီစလုံး ထိပ်ဆုံး (၆)သင်းဝင်ပြီး လာလီဂါဆီ တန်းပြန်တက်နိုင်မယ့် Play-off ယှဉ်ပြိုင်ခွင့်ကိုရယူနိုင်ခဲ့တာပါ။ ပထမ (၂)ရာသီဆက်မှာ Play-off အဆင့်မှာပဲရှုံးနိမ့် ပြီး နာကျင်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီ Play-off ဗိုလ်လုပွဲမှာတော့ တီနာရိုက်ဖ်ကို နှစ်ကျော့ပေါင်းရလဒ် (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး တစ်ကျော့ပြန်လာလီဂါတန်းတက်ခွင့်ကို အမိအရဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ လာလီဂါကိုတန်းတက်ခွင့်ရတာနဲ့တစ်ပြိုင်နက် ဟီရိုနာအသင်းဟာ အပြောင်းအရွှေ့လှုပ်ရှားမှုကို စနစ်တကျစတင်ပြုလုပ်ပြီး လက်ရှိအချိန်အထိ ကစားသမားသစ် (၆)ဦးခေါ်ယူထားပါတယ်။ ရီးယဲလ်မက်ဒရစ်နောက်ခံလူ မီဂွယ်လ်ဂူတီယာရက်ဇ်၊ အက်စ်ပန်ညိုနောက်ခံလူ ဒေးဗစ်လိုပက်ဇ်၊ မန်စီးတီးကွင်းလယ်လူ ယန်ဂယ်လ်ဟာရဲရားနဲ့ နယူးယောက်ရက်ဘူးလ်တိုက်စစ်မှူး တာတေကာစတယ်လ်လေနိုနဲ့ အက်သလက်တီကိုတောင်ပံကစားသမား ရိုဒရီဂိုရီကွယ်လ်မီးတို့ကိုခေါ်ယူနိုင်ခဲ့တာက ဟီရိုနာအသင်းအတွက် အကျိုးသက်ရောက်မှုကြီးနိုင်ပြီး အသင်းအကယ်ဒမီထွက်လူငယ်ကစားသမားတွေကိုလည်း နေရာပေးသွားဖို့ရှိတယ်လို့ နည်းပြ မီဂွယ်လ်မူနော့ဇ်ကဖွင့်ဟထားပါတယ်။ အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိမယ့် ၂၀၂၂-၂၃ ရာသီ စပိန်လာလီဂါပြိုင်ပွဲဟာ ဟီရိုနာအတွက် စိန်ခေါ်မှုတွေများပြားလွန်းနေတာအမှန်ပါ။ ဒါပေမဲ့ အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုနဲ့ ခြေစွမ်းခြေစအရ ပထမအကြိမ် တန်းတက်စဉ်ကလို အံ့အားသင့်စရာတွေမလုပ်ပြနိုင်ရင်တောင် တန်းမဆင်းရအောင်တော့ စွမ်းဆောင်နိုင်ပါလိမ့်မယ်။















