ကျိုက်မရောမြို့နယ်တွင် အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီး၏နေအိမ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကလေးမြို့ရှိ အထက်တန်းကျောင်းခွဲအနီး၌ လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား

ကျိုက်မရောမြို့နယ်တွင် အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီး၏နေအိမ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကလေးမြို့ရှိ အထက်တန်းကျောင်းခွဲအနီး၌ လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား
Published 2 August 2022

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကြံတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအနီး၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၃၁ ရက် ည ၉ နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးလွင် (၄၄)နှစ်၏ နေအိမ်အရှေ့သို့ တောင်ကလေးကျေးရွာဘက်မှ ကြံတောကျေးရွာဘက်သို့ မုဒုံ-ချောင်းနှစ်ခွကားလမ်းအတိုင်း ဆိုင်ကယ်တစ်စီး မောင်းနှင်လာသည့် အမျိုးသားနှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ငါးချက်ခန့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ သြဂုတ် ၁ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊  တောင်ဖီလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းနှင့်ကပ်လျက်ရှိ အမျိုးသမီးအိမ်တွင်းမှု အတတ်သင်ကျောင်းရှေ့ လမ်းပေါ်၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဇူလိုင် ၃၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် နည်းပညာတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူ၊ကျောင်းသားများအား Online ပေါ်မှနေ၍ “ကျောင်းသား/သူများအနေဖြင့် ဆက်လက်ပြီး ကျောင်းမတက်ရန်နှင့် ကျောင်းဆက်လက်တက်မည်ဆိုပါက ဖြစ်လာမည့် အကျိုးဆက်များကို ၎င်းတို့အဖွဲ့မှ တာဝန်မယူကြောင်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်လိုက်ကြောင်း” ဟု ရေးသားခြိမ်းခြောက်ထားသည်ကို တွေ့ရှိရကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါဖြစ်စဉ်များတွင် ပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

Most Read

Most Recent