နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းချမည့် Monsoon Online Travel 2022 အား စတင်ကျင်းပ

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းချမည့် Monsoon Online Travel 2022 အား စတင်ကျင်းပ
Published 25 July 2022

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းချမည့် Monsoon Online Travel 2022 အား ဇူလိုင် ၂၅ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ Monsoon Online Travel 2022 အား ဇူလိုင် ၂၅ ရက်မှစတင်ကာ သြဂုတ် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ထိုကာလအတွင်း ဝယ်ယူသော လေယာဉ်လက်မှတ်များအတွက် ခရီးသွားကာလကို ၂၀၂၂ခုနှစ်၊ ဇူလိုင် ၂၇ မှ ၂၀၂၃ ခုနှစ် ဧပြီ ၁၇ ရက်အထိ သတ်မှတ်ပေးထားကြောင်း သိရသည်။

ယင်းပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်မတိုင်ခင်အထိ တစ်ကြိမ်အခမဲ့ ရက်ချိန်းနိုင်သည့်အပြင် Travel Fair ကာလပြီးဆုံးချိန်တွင် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနက်မှ ၁၀ ဦးကို ရွေးချယ်ပြီး မိမိကြိုက်နှစ်သက်ရာခရီးစဉ်ကို ရွေးချယ်သွားရောက်နိုင်မည့် လေယာဉ်လက်မှတ်များကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၁၀ ရက်အတွင်း ပျံသန်းထားသော ပြည်ပခရီးစဉ်၏ အသွားအပြန် Boarding Pass နှစ်စောင်ကို စက်တင်ဘာ ၃၀ ရက်မတိုင်မီ မြန်မာအမျိုးသားလေကြောင်း လက်မှတ်အရောင်းကောင်တာများတွင် ပြသ၍ ပြည်တွင်းခရီးစဉ် One Way Ticket အား 20% လျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့သို့ လာမည့် ဇူလိုင် ၂၂ ရက်မှစတင်ကာ Boeing 737-800NG လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့များသို့ ခရီးစဉ်များပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်မှစတင်ကာ အပတ်စဉ်တနင်္လာနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 မှ ပျံသန်းခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-ကူမင်းခရီးစဉ်အား UB-8006 အဖြစ် နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ကူမင်း -ရန်ကုန်ခရီးစဉ်အား UB-8007 အဖြစ် ၁၆း၁၀ တွင်လည်းကောင်း ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ်တွေအနေနဲ့ တရုတ်၊ ကူမင်းကို တိုးချဲ့ပြီး ပျံသန်းခဲ့တာဖြစ်ပါတယ်။ နောက်ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ ဂယာကိုလည်း ပျံသန်းဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့စီစဉ်နေပါတယ်။ ဟောင်ကောင်က လက်ရှိမှာကိုဗစ်စည်းမျဉ်း၊ စည်းကမ်းအရ ပြေးဆွဲလို့ မရသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ဆီကနေ ဖြေလျှော့မှုတွေရှိလာရင် ပြန်လည်ပြေးဆွဲသွားမှာပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအို ကပ္ပတိန်ခုပ်ခန့်မုံက ပြောကြားသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent