စီးပွားရေးကျဆင်းခြင်း၊ ရီဆက်ရှင်းနှင့် ဒီပရက်ရှင်း

စီးပွားရေးကျဆင်းခြင်း၊ ရီဆက်ရှင်းနှင့် ဒီပရက်ရှင်း
Published 24 July 2022
စောနိုင်(အသုံးချဘောဂဗေဒ)

(၁)

 စီးပွားရေးကျဆင်းခြင်း (economic  downturn) ဆိုသည်မှာ   အချိန်ကာလတစ်ခုအတွင်း   စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးကျဆင်းလာခြင်းဖြစ်သည်ဟု ယေဘုယျဆိုနိုင်သည်။ အထူးသဖြင့် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု-ဂျီဒီပီ (Gross Domestic Product-GDP) ယခင်က ထက် ပိုမို နှေးကွေးလာခြင်း သို့မဟုတ် ကျဆင်းလာခြင်းဖြစ်ပေါ်နေလျှင် စီးပွားရေးကျဆင်းနေပြီဟုဆိုကြသည်။  အချို့ကမူ စီးပွားရေးတိုးတက်မှုနှုန်း‌သည် အပေါင်းလက္ခဏာပြနေသည့်တိုင် ယခင်က အခြေအနေမျိုးမဟုတ်ဘဲ တိုးတက်မှုနှုန်းနှေးကွေးလာသည်ကိုပင် စီးပွားရေးကျဆင်းနေသည်ဟု သတ်မှတ်ကြသည်။           

 နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို စီးပွားရေးဆိုင်ရာ အချက်အလက်များဖြင့် ရေးဆွဲထားသည့်  ဂရပ်ပုံထဲတွင်တွေ့ရသော အောက်ဘက်သို့ ထိုးဆင်းနေသည့် ဂရပ်မျဉ်းကြောင်းကို ကြည့်ရုံဖြင့် သိရှိနိုင်သည်။ ထိုကျဆင်းနေသော ဂရပ်မျဉ်းကြောင်း၏နောက်ကွယ်တွင်  နိုင်ငံ့မက်ခရိုစီးပွားရေးသွင်ပြင် လက္ခဏာများဖြစ်သည့် ကုန်ထုတ်လုပ်မှုကျဆင်းလာခြင်း၊ အလုပ်လက်မဲ့ အရေအတွက်မြင့်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကျဆင်းလာခြင်း၊ စတော့ရှယ်ယာနှင့် အိမ်ရာဈေးနှုန်းများ ကျဆင်းလာခြင်း၊ စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုကျဆင်းလာခြင်း စသည့် အားနည်းသောအခြေအနေမျိုးစုံဖြင့် ရှိနေသည်။   

(၂)

  ကမ္ဘာ့စီးပွားရေးအခြေအနေကျဆင်းသည်ဖြစ်စေ၊ တစ်နိုင်ငံချင်းစီးပွားရေးကျဆင်းသည်ဖြစ်စေ၊ သေးငယ်သည့်လူမှုယူနစ်တစ်ခုဖြစ်သည့်မိသားစုတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက်ချင်းစီ စီးပွားရေးလုပ်ငန်းများ ကျဆင်းနေသည်ဖြစ်စေ အနုတ်လက္ခဏာပြ အခြေအနေများသာဖြစ်သဖြင့် သဘောသဘာဝအားဖြင့် အတူတူပင်ဖြစ်၏။  နိုင်ငံတစ်ခုလုံး၏ စီးပွားရေးအခြေအနေမှစ၍ လူတစ်ဦးတစ်ယောက်ချင်း၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု၏အခြေအနေအထိ စီးပွားရေး အဆောက်အအုံတစ်ခုအတွင်းရှိ စီးပွားရေးအခြေအနေအရပ်ရပ်သည် သက်ဆိုင်ရာနိုင်ငံ သို့မဟုတ် လူအဖွဲ့အစည်း၏ နိုင်ငံရေး ၊စီးပွားရေး၊ လူမှုရေး၊ သယံဇာတရရှိမှုအခြေအနေ စသဖြင့် အကြောင်းအရာများစွာတို့အပေါ်တွင် မူတည်ဖြစ်ပေါ်နေကြသည်။      

သတင်းဆက်သွယ်ရေးနည်းပညာများ၊ ထုတ်လုပ်မှုနည်းပညာများ အံ့မခန်းတိုးတက်လာမှု၊ အလွန်အမင်း ကျယ်ပြန့် ထွန်းကားလာမှုတို့ကြောင့်  ကုန်ထုတ်လုပ်မှုများနှင့် နိုင်ငံတကာကူးသန်းရောင်းဝယ်မှုများ ပိုမိုဆက်စပ်မှုရှိလာသော ယနေ့ကမ္ဘာကြီးသည် အတိတ်ကာလက ယခင်အခြေအနေများနှင့်မတူ များစွာကွာခြားသွားခဲ့ပြီဖြစ်သည်။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာဟုပင် တင်စားဆိုကြ၏။ ကမ္ဘာ့ကြီး၏တစ်နေရာတွင် ဖြစ်ပွားနေသော အကြောင်းတစ်စုံတစ်ရာ၏ ဆက်စပ်သက်ရောက်မှုသည်အခြားသောကမ္ဘာ့တစ်နေရာတွင် နာရီပိုင်းအတွင်းရောက်ရှိသွားနိုင်သည်။ လက်ရှိရင်ဆိုင်နေရသောအခြေအနေအရ စီးပွားရေးကျဆင်းခြင်းသည် ကိုဗစ်ကပ်ရောဂါကဲ့သို့ပင် ကမ္ဘာ့နေရာအနှံ့သို့ ကူးစက်ရောဂါသဖွယ်ဖြစ်လာနေသည်ဟု ရှုမြင်ထားဖို့လိုသည်။

(၃)

  ကမ္ဘာသည် အမှန်တကယ်ပင် ရွာကြီးတစ်ရွာဖြစ်နေပြီဆိုသည်ကို ကိုဗစ်ကပ်ရောဂါက လက်တွေ့သက်သေပြခဲ့ပြီ။ ရှေးကာလများက ကပ်ရောဂါများနှင့်မတူ။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုသည် အချိန်တိုအတွင်းမှာပင် ကမ္ဘာ့နေရာဒေသအနှံ့အပြားသို့ လျင်လျင်မြန်မြန်ကူးစက်ပျံ့နှံ့သွားခဲ့သည်။  ကြောက်မက်ဖွယ်ရာ ကျန်းမာရေးထိတ်လန့်မှုကို တစ်ကမ္ဘာလုံးကြုံတွေ့လိုက်၏။ အပူသောက ပိုမိုကြီးထွားစေခဲ့သည်မှာ လော့ဒေါင်းချမှုများမှရရှိခဲ့သည့် စီးပွားရေးကျဆင်းမှုဖြစ်သည်။         

ဤသို့  လော့ဒေါင်းချထားမှုများသည် ကိုဗစ်ကပ်ရောဂါအတွက် အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့သော်လည်း နိုင်ငံများအကြား၌  စီးပွားရေးကျဆင်းမှုမှာ ကူးစက်ရောဂါသဖွယ် ပျံ့နှံ့ဖြစ်ပွားခဲ့သည်။ကမ္ဘာ့နိုင်ငံများအားလုံး စီးပွားရေးကျဆင်းမှုကို အတူတကွ ခံစားလိုက်ရ၏။ ဖွံဖြိုးဆဲ၊ ဖွံ့ဖြိုးဆဲ၊ နိုင်ငံကြီး၊ နိုင်ငံငယ်အားလုံး အကျပ်အတည်းဒဏ်ကို အပြိုင်အဆိုင်ကြုံတွေ့လိုက်ရသည်။ ယခင်စီးပွားရေးအခြေအနေအတက်အကျ မတူခဲ့သော ကမ္ဘာ့နိုင်ငံများသည်  ယခုအချိန်တွင်မူ စီးပွားရေးကျဆင်းမှု၏ တူညီသောအခြေအနေတစ်ရပ်အောက်တွင် ရောက်ရှှိနေခဲ့ကြပြီ။

 (၄)

   ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးထိတ်လန့်မှုသည် ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ်လောက်ကတည်းက စတင်ခဲ့သည်။ တဖြည်းဖြည်းချင်း စီးပွားရေးကျဆင်းမှုများ အရိပ်အယောင်များပြလာခဲ့၏။ ကိုဗစ်ကူးစက်မှုဆက်လက်ပျံ့နှံ့လာချိန်တွင် စီးပွားရေးထိတ်လန့်မှုများသည် စီးပွားရေးခြိမ်းခြောက်မှုများ အဖြစ်အသွင်ပြောင်းသွားခဲ့သည်။ နောက်ပိုင်းတွင် စီးပွားရေးကျဆင်းကို လက်တွေ့ရင်ဆိုင်လာခဲ့ကြရသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံး၊ ရင်းနှီးမြှုပ်နှံသူများဆုံးရှုံး၊ လူအများသည် ပိုင်ဆိုင်မှုများကို ရသည့်ဈေးနှင့်ရောင်းထုတ်ရသည့်အခြေအနေ၊ အားလုံး အသုံးစရိတ်များလျှော့ချ၊ ငွေချေးယူထားသူများလည်း ကြွေးမြီ ပြန်လည်မဆပ်နိုင်တော့၊ ငွေချေးငှားထားသူများလည်း ကြွေးဆုံးဖြစ်နိုင်ခြေများကိုထိတ်လန့် စသည်ဖြင့် သတင်းဆိုးများ ပေါင်းစုသွားခဲ့သည်။  

(၅)

အမှန်တွင် စီးပွားရေးကျဆင်းမှု (Economic Downturn) သည်  စီးပွားရေးဘာသာရပ် အယူအဆတစ်ခုဖြစ်သည့် စီးပွားရေးအတက်အကျ သံသရာစက်ဝန်း (Business Cycle) ၏ အစိတ်အပိုင်းတစ်ရပ်သာဖြစ်သည်။ ထူးဆန်းသောအခြေအနေမဟုတ်ပေ။ ဖြစ်လေ့ဖြစ်ထရှိသော သဘာဝဖြစ်၏။ သို့သော် စီးပွားရေးကျဆင်းမှုအခြေအနေသည် ပြန်လည်တိုးတက်လာမှုမရှိဘဲ အချိန်ကြာမြင့်လာသောအခါ ရီဆက်ရှင်း (Recession) ဟုခေါ်သည့်စီးပွားရေးဆုတ်ယုတ်မှုဖြစ်လာသည်။ ရီဆက်ရှင်း အခြေအနေမှပို၍ဆိုးရွားလာသောအခါတွင် အလွန်အမင်းစိုးရိမ်ရသည့် ဒီပရက်ရှင်း (Depression)  ခေါ် စီးပွားရေး ပျက်ကပ်အခြေအနေသို့ဦးတည်သွားတော့သည်။ 

( ၆)

ကမ္ဘာ့နိုင်ငံအသီးသီးတွင်စီးပွားရေးအခြေအနေကျဆင်းနေကြောင်းသတင်းများကို ၂၀၂၀ ပြည့်အစကတည်းက ကြားနေခဲ့ရသည်။ နောက်ပိုင်းတွင် ပို၍  ခပ်စိပ်စိပ်ကိုတွေ့လာရသည်။  ကမ္ဘာ့ဘဏ်က ၂၀၂၀ ပြည့်နှစ် ဇွန်လပိုင်းက ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် ကမ္ဘာ့စီးပွားရေးသည်  ၅ ဒသမ ၂  ရာခိုင်နှုန်း ကျုံသွားမည်ဟု ခန့်မှန့်ခဲ့ပြီး  ထိုအခြေအနေသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးသော စီးပွားရေးကျဆင်းမှုကိုထောက်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ကမ္ဘာကြီးဆီသို့ ဒီပရက်ရှင်းလာနေပြီဟုပင် ကြောက်လန့်ဖွယ်ရာ မှန်းဆမှုများလည်းရှိခဲ့သည်။ ကွဲပြားခြားနားသော သုံးသပ်ခန့်မှန်းချက်များ မည်သို့ရှိစေကာမူ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် စီးပွားရေးကျဆင်းမှုကို ဒဏ်ကိုစတင်ခံစားနေကြသည်မှာသေချာသည်။ ၂၀၂၁ ခုနှစ်အကုန်တွင် စီးပွားရေးပြန်လည်နလန်ထနိုင်ရေး မျှော်လင့်ချက်များရှိခဲ့သည်။ ၂၀၂၂ ခုနှစ်အစတွင်မူ ရုရှား-ယူကရိန်းစစ်ပွဲသည်လည်းကောင်း၊ မပြီးနိုင်မစီးနိုင်ခြောက်လှန့်နေဆဲဖြစ်သည့် ကိုဗစ်ကပ်ရောဂါမျိုးသစ်များသည်လည်းကောင်း နိုင်ငံအသီးသီး၏ စီးပွားရေး ဦးမော့လာရေးမျှော်လင့်ချက်ကို ဖျက်ဆီးလိုက်သည်။ ယခုတော့ အားလုံးစိုးရိမ် ထိတ်လန့်ရှိနေကြပြီ။ ရီဆက်ရှင်းလော၊ ဒီပရက်ရှင်းလော။

(၇)

ရီဆက်ရှင်းဆိုသည်မှာအဘယ်နည်း။ လအတန်ကြာ အမှန်ပြည်တွင်းထုတ်လုပ်မှု၊ အမှန်ဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ စက်မှုထုတ်ကုန်များနှင့် လက်လီလက်ကားရောင်းချမှု အပါအဝင် စီးပွားရေးညွှန်းကိန်းများကျဆင်းနေမှု  နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေခြင်းဟု အဓိပ္ပာယ်ဖွင်ဆိုကြသည်။  ပညာရှင်အချို့ကလည်း စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ) အပါအဝင် စီးပွားရေးလုပ်ဆောင်ချက်များသည် အချိန်ကာလအားဖြင့် ခြောက်လ သို့မဟုတ်  ကိုးလတာအတွင်း  အနုတ်လက္ခဏာပြနေခဲ့လျှင် ရီဆက်ရှင်းဖြစ်နေသည်ဟုဆိုသည်။ ထို့ကြောင့်   “ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုအချိန် ကြာမြင့်လေလေ၊ ရီဆက်ရှင်းကို သတိထားရလေလေ ဖြစ်လာသည်ဟုဆိုခဲ့ကြသည်။        စီးပွားရေး ကျဆင်းမှု (economic downturn) သည် ရီဆက်ရှင်း (recession) မဖြစ်ခင် ကြိုတင်ဖြစ်လေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံသည်  စီးပွားရေး

ကျဆင်းနေသည့် အခြေအနေမှ ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာမတွေ့ရပါက ရီဆက်ရှင်းဟု ခေါ်သည့် စီးပွားရေးဆုတ်ယုတ်မှု သို့ဦးတည်သွားနေပြီဟုဆိုနိုင်သည်။ ရီဆက်ရှင်းအခြေအနေသည် ပိုမိုဆိုးရွား၍ အချိန်ကြာမြင့်လာခဲ့သည်သော် ပြင်းထန်သော စီးပွားရေး ဆုတ်ယုတ်မှုဖြစ်သည့် ဒီပရက်ရှင်း  (depression) အသွင်သို့ ပြောင်းသွားပေလိမ့်မည်။ ဒီပရက်ရှင်းသည် စီးပွားရေးပျက်ကပ်ဖြစ်သည်။ နိုင်ငံ့ကုန်ထုတ်လုပ်မှုကျဆင်းမှု အနည်းဆုံး ၁၀ ရာခိုင်နှုန်း၊ သုံးနှစ်တာကာလကျော်အထိဖြစ်ပွားခဲ့ပါက ဒီပရက်ရှင်းဖြစ်နေသည်ဟု ဆိုကြသည်။ စီးပွားရေးဆုတ်ယုတ်မှု (ရီဆက်ရှင်း)၊ စီးပွားရေးပျက်ကပ် ( ဒီပရက်ရှင်း) တို့ကို ပြီးခဲ့သည့် ၂ဝရာစုကာလ ၁၉၃ဝပြည့်နှစ်များနှင့် ၁၉၄ဝပြည့်နှစ်များအတွင်း ကြုံတွေ့ခဲ့ကြဖူးသည်။  ကမ္ဘာ့သမိုင်းတစ်လျှောက် အချိန်ကာလ လေးနှစ်မှ ငါးနှစ်ကြာမြင့် စွာဖြစ်ပွားခဲ့သည့် ဒီပရက်ရှင်းခေါ် စီးပွားရေးပျက်ကပ်ကြီးများ ဖြစ်ပွားခဲ့ဖူးသည်။    

(၈)

ပညာရှင်၊ သုတေသီအချို့သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်လာသော ရီဆက်ရှင်းအခြေအနေမှ ကမ္ဘာကြီးသည် အလျင်အမြန်လွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။ ဒီပရက်ရှင်းအခြေအနေအထိဖြစ် မလာစေရန်လည်း  တစ်ကမ္ဘာလုံးအားထုတ်နေကြသည်။ သို့သော် ယခုလက်ရှိ ရင်ဆိုင်ကြုံတွေ့ နေရသော အခြေအနေအရပ်ရပ်သည် ကမ္ဘာ့နိုင်ငံများအတွက် အားတက်စရာ များစွာမတွေ့ရပေ။ အချိန်နှင့်အမျှ မတည်ငြိမ်မှုသတင်းများသာကြားနေရသည်။ ကမ္ဘာ့လူသားများကို သွေးပျက်စေမည့် ဒီပရက်ရှင်းကို မကြုံချင်တော့။ ဂလိုဘယ်လိုက်ဇေးရှင်းအရွေ့အောက်၌ ဒီပရက်ရှင်းဒဏ်ခံစားရပါက ကမ္ဘာ့သမိုင်းတစ်

လျှောက်ကြုံခဲ့ရသည့် အခြေအနေများထက် ပိုမိုဆိုးရွားသော အခြေအနေများသာ ဖြစ်လိမ့်မည်။        

 ရီဆက်ရှင်းကို ယခင်ကာလများက ဘဏ္ဍာရေးပေါ်လစီ၊ ငွေကြေးပေါ်လစီများစသည်ဖြင့် အစဉ်အလာ သီအိုရီပုံစံခွက်ထဲရှိနည်းလမ်းများ ကျင့်သုံး၍ ဖြေရှင်းခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေးသမိုင်းတစ်လျှောက်ကြုံ တွေ့ခဲ့ရသော ဒီပရက်ရှင်များသည် အစဉ်အလာသီအိုရီများဖြင့်ဖြေရှင်းမရသော ရီဆက်ရှင်းများကြောင့်ဖြစ် ပေါ်လာခြင်းဖြစ်သည်။   ထိုအချက်ကိုသတိပြုရပေမည်။ ကိုဗစ်ကပ်ရောဂါ အကျိုးဆက်များမှ တစ်ဆင့်ဖြစ်ပေါ်လာသောစီးပွားရေကျဆင်းမှုများ၊ ရီဆက်ရှင်းများသည်လည်း အစဉ်အလာဘောဂဗေဒသီအိုရီများကိုစိန်ခေါ်လျက်ရှိနေသည်။  

(၉)

စီးပွားရေးကျဆင်းခြင်းသည် ရီဆက်ရှင်းလာတော့မည်ကို အရိပ်အယောင်ပြ၏။ ရီဆက်ရှင်းသည် ဒီပရက်ရှင်းဖြစ်နိုင်သည်ကို သတိပြုရန်အတွက်  အထိတ်တလန့် သတိပေးအချက်ပြခြင်းဖြစ်၏။ ကျန်းမာရေးပြဿနာ ကပ်ရောဂါမှစခဲ့သည့် စီပွားရေး ဆုတ်ယုတ်မှု (ရီဆက်ရှင်း) ၊ အဆုံးမသတ်သေးသောကိုဗစ်ကပ်ရောဂါ၊ ထပ်တိုးမီးပွားဖြစ်သည့် ရုရှား-ယူကရိန်းစစ်ပွဲတို့ကြောင့် စီးပွားရေးကျဆင်းမှု (ရီဆက်ရှင်း) မှ စီးပွားရေးပျက်ကပ် ( ဒီပရက်ရှင်း) အသွင်သဏ္ဍာန်သို့ ပြောင်း၍ ခြောက်လှန်တော့မည့်အလား ကမ္ဘာကြီးကို ခပ်စိမ်းစိမ်းကြည့်နေလေပြီ။  

(၉)

  နိုင်ငံအသီးသီးတို့ သူ့နည်းသူဟန်ပြင်ဆင်နေကြသည်။ ယခင်ကြုံခဲ့ရဖူးသော သင်ခန်းစာတို့ကို ပြန်လည်သုံးသပ်၍ ခံနိုင်ရည်ပေါ်မူတည် အိုင်ဒီယာသစ်များ၊ နည်းလမ်းသစ်များ ရှာကြံနိုင်ရေး အားထုတ်နေကြ၏။ သီအိုရီဟောင်းတို့အပေါ် အခြေခံသီအိုရီသစ်တို့ကို ဖော်ထုတ်နိုင်ရေး ပညာရှင်တို့လည်း  ကြံဆနေကြပြီ။ နိုင်ငံအစိုးရတို့အနေဖြင့် မိမိတို့နိုင်ငံစီးပွားရေး၏ပကတိအခြေအနေကို မှန်ကန်စွာသိမြင်ထားနိုင်ဖို့လိုသည်။ ထိုအခြေအနေများအပေါ်မူတည်၍ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ ခေါင်းချင်းဆိုင်၍ အိုင်ဒီယာထုတ်အဖြေရှာထားနိုင်မှ သက်သာရာရနိုင်မည်ထင်သည်။          

ကမ္ဘာ့နိုင်ငံတို့သည် စီးပွားရေးကျဆင်းမှုအခြေအနေအမျိုးမျိုး၏ဒဏ်ကို အနည်းအများ  ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သည်။  မည်သို့သော စီးပွားရေး ကျဆင်းမှုမျိုးမှ ကောင်းမွန်သော သက်ရောက်မှုမရရှိနိုင်ပေ။  ပြင်ပကမ္ဘာကို မှီခိုလွန်းသော၊ မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှု အလွဲများဖြင့်စခန်းသွားနေသော၊ စီးပွားရေး အခြေအနေလှုပ်လီ လှုပ်လဲ့ဖြစ်နေသောနိုင်ငံငယ်များအတွက် ပို၍ရင်လေးစရာကောင်းသည်ကို တွေ့ရ၏။  

 

 

 

Most Read

Most Recent