ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ ၄၀၀ ကို အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် ထုတ်ချေးမည်ဟု စီမံ/ဘဏ္ဏာဝန်ကြီးဌာန ထုတ်ပြန်

ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ ၄၀၀ ကို အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် ထုတ်ချေးမည်ဟု စီမံ/ဘဏ္ဏာဝန်ကြီးဌာန ထုတ်ပြန်
Published 23 July 2022

ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ ၄၀၀ အား အတိုးနှုန်း သက်သာသော ချေးငွေအဖြစ် ထုတ်ချေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၂၃ ရက်)တွင် သတင်းထုတ်ပြန်သည်။

အဆိုပါသတင်း ထုတ်ပြန်မှုချက်တွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသည် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်များကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စနစ်တကျ စိစစ်သုံးစွဲလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၄ ရက်ရှိ ရန်ပုံငွေလက်ကျန်မှာ ကျပ် ၄၉၁ ဒသမ ၉၇၈ ဘီလျံဖြစ်ကြောင်း ဖော်ပြထားသည်။

 ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ များစွာကျဆင်းသွားပြီ ဖြစ်ရာ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ရသော နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သို့ဖြစ်၍ အထက်ပါ ရန်ပုံငွေ လက်ကျန်မှ ကျပ် ၄၀၀ ဘီလျံ ကို သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသော စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှု ဆိုင်ရာလုပ်ငန်းများနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း များ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်း သက်သာသော ချေးငွေများကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်စိစစ် ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent