ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုများလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား

ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုများလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား
Published 19 July 2022

ဘဏ်များအားလုံး ၀ိုင်းဝန်းပူးပေါင်းကြိုးပမ်း၍ ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှု ပိုများလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘဏ်များအသင်းအမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ဇူလိုင် ၁၈ ရက်က ကျင်းပခဲ့ရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့်ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒများကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊ ဘဏ်များအားလုံး ၀ိုင်းဝန်းပူးပေါင်းကြိုးပမ်း၍ ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှု ပိုမိုများလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ဘဏ်များ အခက်အခဲကြုံတွေ့ရစဉ် Liquidity Support ဆောင်ရွက်ပေးခဲ့ခြင်း၊ လိုက်နာရမည့် သတ်မှတ်အချိုးများကို ဖြေလျှော့ပေးခဲ့ခြင်း၊  ဘဏ်တစ်ဘဏ်ချင်းအလိုက် လိုအပ်ချက်အပေါ် မူတည်၍ပံ့ပိုးပေးခဲ့ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း စသည်တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဝင်းသော်က ဘဏ်များအတွက် လိုအပ်သည့်ငွေသားလွယ်ကူမှုပံ့ပိုးပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံခြားသုံးငွေဆိုင်ရာ သတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့်နည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ဘဏ်များအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံစီးပွားရေးအခြေအနေအရ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် လိုက်လျောညီထွေရှိမည့် ငွေကြေးမူဝါဒနည်းလမ်းများနှင့်ဘဏ်များတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပြေလည်စေမည့် နည်းလမ်းများ၊ ဖြေလျှော့မှုများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်တွင်းဘဏ်များမှ တာဝန်ရှိသူများက ဗဟိုဘဏ်၏လမ်းညွှန်မှုနှင့်အညီ ဘဏ်လုပ်ငန်းကဏ္ဍ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အကြံပြုချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။