ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 18 July 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နန့်ဖားရပ် ကွက်၊ စိန်ပန်းကုန်းအုပ်စု၊ ရွှေကျီးနားလမ်း ဆုံတွင် ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီဝန်း ကျင်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ် သတ်ခံရကြောင်း သတင်းရရှိသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ဒေသတပ်ရင်းတစ်ခုမှ အငြိမ်းစားယူထားသည့် အသက် ၆၂ နှစ်အရွယ် ဦးတင်ဇော်ထွေးဖြစ်ပြီး နံနက်ပိုင်း မိုးရွာပြီးနောက်  အိမ်ရှေ့ရေမြောင်းများ ဖောက်ချနေစဉ် ဆိုင်ကယ်သမားနှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “သူက ဒုအရာခံဗိုလ်နဲ့ အငြိမ်းစားယူထားတာပေါ့။ ပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့လာပြီး ပစ်တဲ့အခါ နှစ်ချက်မှန် တယ်လို့ ဆိုတယ်။ ဆေးရုံခေါ်သွားလည်းမရ တော့တာပေါ့။ အမျိုးသမီးကလည်း ခေါက်ဆွဲ ရောင်းတယ်” ဟု ဆိုသည်။

ယင်းကဲ့သို့ သေနတ်ဖြင့်ပစ်သတ်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရသေးဘဲ ရဲတပ်ဖွဲ့ဝင်များကလည်း ယင်း ကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားခြင်း မရှိပေ။

ဇူလိုင် ၆ ရက် ညပိုင်းကလည်း ဗန်းမောက်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကုန်းလော ကျေးရွာ စားသောက်ဆိုင်တစ်ခုတွင် အသက် ၄၀ ကျော်အရွယ် တပ်မတော်မှထွက်ထားသူ တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်  မေ ၉ ရက်နောက်ပိုင်းမှ စတင်ကာ ရပ်ကျေးအုပ် ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ အရပ် သားများ လုပ်ကြံခံရသူစုစုပေါင်းမှာ မိုးညှင်း မြို့နယ်၊ မှော်ဟန်ဒေသတွင် နှစ်ဦး၊ ဟိုပင် ဒေသတွင်  ၁၀ ဦး၊ နန်းမားဒေသတွင်  လေးဦး၊ ဖားကန့်ဒေသတွင် ၂၃ ဦး၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသတွင် ငါးဦး၊ မြစ်ကြီးနားမြို့ တွင်  နှစ်ဦး၊ တနိုင်းဒေသတွင် နှစ်ဦး၊ ကာမိုင်း ဒေသတွင် သုံးဦး၊ မိုးမောက်မြို့နယ်တွင် နှစ် ဦး၊ ဗန်းမော်မြို့တွင် သုံးဦး၊ ရွှေကူမြို့နယ်တွင် နှစ်ဦးရှိခဲ့ပြီး ၁၀ လအတွင်း လုပ်ကြံသတ် ဖြတ်ခံရသူ  ၅၈ ဦးအထိ ရှိခဲ့ပြီဖြစ်သည်။