မြောက်ဥက္ကလာပမြို့နယ် ရွှေလမင်းဆေးရုံအနီးတွင် ဟိုက်ဂျက်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးမြောင်းအတွင်း ပြုတ်ကျမှု ဇူလိုင် ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၁၃ ရက် ည ၉ နာရီကျော်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် သုဓမာလမ်း ရွှေလမင်းဆေးရုံအနီးရှိ လမ်းဘေးမြောက်အတွင်း ယာဉ်တစ်စီး ပြုတ်ကျနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်။
မြောင်းအတွင်း ပြုတ်ကျသည့် ယာဉ်မှာ ပစ္စည်းပို့သည့် ဟိုက်ဂျက်ယာဉ်အမျိုးအစားဖြစ်ပြီး အရှိန်လွန်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ည ၉ နာရီလောက်မှာ သတင်းရတာပါ။အရှိန်လွန်တယ်လို့ သိရတယ်။မြောင်းထဲကို ပြုတ်ကျတာပါ။ဟိုက်ဂျက်အမျိုးအစား ပစ္စည်းပို့တဲ့ ယာဉ်ပါ" ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည့်ပိုင်သုခ အရေးပေါ်ကယ်ဆယ်ရေးနှင့်သွေးလှှုရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်မှာ မြောင်းအတွင်း ပြုတ်ကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ ယာဉ်အား ကရိန်းဖြင့် အပေါ်သို့ ဆွဲတင်ခဲ့ရကြောင်း သိရသည်။