ညောင်လေးပင်ခရိုင်တွင် တပ်မတော်နှင့် KNU အကြား နှစ်ရက်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား၊ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ လူဦးရေတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ

ညောင်လေးပင်ခရိုင်တွင် တပ်မတော်နှင့် KNU အကြား နှစ်ရက်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား၊ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ လူဦးရေတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ
Published 28 June 2022

ညောင်လေးပင်ခရိုင်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အကြား ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ နှစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်သည်။

ဇွန် ၂၅ ရက် ညနေ ငါးနာရီခန့်တွင် ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာ အရှေ့ဘက်တွင်လည်းကောင်း၊ ဇွန် ၂၆ ရက် နံနက် ၇ နာရီခန့်တွင်လည်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ နရွဲပင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားတွင်လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဇွန် ၂၅ ရက်နှင့် ၂၆ ရက် နှစ်ရက်အတွင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU အကြား တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး KNU ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့တိုက်ပွဲဖြစ်ရခြင်းမှာ KNU ၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း တပ်မတော်ဘက်မှ နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားလာသောကြောင့်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံ (KNU) ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နောင်ကုန်း၊ ရန်မျိုးအောင်၊ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကျွတ်ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း စသည့် ကျေးရွာပေါင်း ၁၂ ရွာမှ အိမ်ခြေ ၁၈၈၇ လုံးနှင့် လူဦးရေ ၁၀၅၂၆ ဦးတို့မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် ထိုသို့ပစ်ခတ်မှုကြောင့် ပြည်သူလူထုငါးဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူလူထု၏ နေအိမ်များ၊ ကျေးရွာအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန် ၂၅ ရက်က ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင်လည်း သထုံမြို့နယ် ထုံဘိုလေးကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU ပူးပေါင်းအဖွဲ့တို့ မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ထို့ပြင် ဇွန် ၂၅ ရက်နှင့် ၂၆ ရက်များတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊ အင်းရွာ၊ စောအဲဖိုး၊ နောက်ကတုတ်အထက်ကျေးရွာများမှ ဒေသခံအမြောက်အများ နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ထုံဘိုလေး(ကော်ကြာသဲ)ကျေးရွာသည် အိမ်ခြေ ၁၅၀ ကျော်ရှိပြီး ဇွန် ၁ ရက်မှစ၍ ထုံးဘိုလေးကျေးရွာအတွင်း၌ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် လူဦးရေထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

 

 

 

Most Read

Most Recent