အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ  မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ  မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည်
Published 28 June 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ်ဆိုခွန်းသည် ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက သတင်းထုတ်ပြန်သည်။

အဆိုပါခရီးစဉ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ်ဆိုခွန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန် ၂၉ ရက်တွင် လာရောက်မည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က​မ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ်ဆိုခွန်း၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဒုတိယမြောက်ခရီးစဉ်လည်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့်ပတ်သက်၍ ဆွေးနွေးနေသည့်ကိစ္စများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများကို ဆွေးနွေးသွားရန်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်တွင်းမီဒီယာအချို့ကို ပြောကြားထားသည်။

ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း အမှုရင်ဆိုင်နေရသူများနှင့် တွေ့ဆုံခွင့် မပြုနိုင်ကြောင်းကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်တွင်းမီဒီယာအချို့ကို ပြောကြားထားသည်။

ပြီးခဲ့သည့် မတ် ၂၁ ရက်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ်ဆိုခွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ဂျော့ဟွိုင်တို့သည် မြန်မာနိုင်ငံသို့ သုံရက်ကြာလာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအ​နေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ပါတီစုံဒီမိုက​ရေစီလမ်း​ကြောင်းပေါ်တွင် ​လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီအ​​ထွေ​​ထွေ​ရွေး​ကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအ​နေဖြင့် လူထုဆန္ဒခံယူ၍ အတည်ပြုထားသည့် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ​​တော်၏တာဝန်ကို ထမ်းဆောင်ခဲ့ရမှုအ​​ခြေအ​နေများ၊ နိုင်ငံ​ရေးသ​ဘောထားမတိုက်ဆိုင်မှု​ကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများ၊ အ​ကြောင်းမဲ့သတ်ဖြတ်မှုများ၊ နိုင်ငံပိုင်အ​ဆောက်အအုံများ၊ စာသင်​ကျောင်းများကို ဖျက်ဆီးမှုများ၊ မိုင်း​ထောင်​ဖောက်ခွဲမှုများဖြစ်​ပေါ်ခဲ့မှုနှင့် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအ​နေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ​ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ​ဆွေး​နွေးခဲ့​​သည်။

ထို့ပြင် အာဆီယံဘုံသ​ဘောတူညီချက် ငါးရပ်အ​ပေါ်အ​ကောင်အထည်​ဖော်​​ဆောင်ရွက်​နေမှု အ​ခြေအ​နေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားခြင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိ​စေရေးဆောင်ရွက်လျက်ရှိသည့် အ​ခြေအ​နေများ၊ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုခရီးစဉ်သည် ပထမဆုံး​ခြေလှမ်းဖြစ်၍ ​​တွေ့ဆုံ​ဆွေး​နွေးမှုများမှတစ်ဆင့် တိုးတက်မှုများရရှိစေရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့​သည်။

Most Read

Most Recent