ကြိုတင်ခန့်မှန်းနိုင်မှု/ကြိုတင်မှန်းဆနိုင်မှု (Predictability)

ကြိုတင်ခန့်မှန်းနိုင်မှု/ကြိုတင်မှန်းဆနိုင်မှု (Predictability)
Published 26 June 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

တိုင်းပြည်နိုင်ငံကို တည်ဆောက်ကြရာတွင် တိုင်းပြည်နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော်ဆောင်ရွက် မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ စသည်တို့နှင့် ပတ်သက်သည့် မူများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများကို တိုင်းပြည် နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားများ သိမြင်နားလည်စေရန် ဆောင်ရွက်ကြရသည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများအနေဖြင့် မဖြစ်မနေ ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်ဖြစ်ပါသည်။

သို့မှသာလျှင် တိုင်းသူ ပြည်သားလူအများသည် မိမိတို့ တိုင်းပြည် နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများနှင့် ပတ်သက်သည်များကို ကြိုတင်သိမြင် သို့မဟုတ် ကြိုတင်ခန့်မှန်း သို့မဟုတ် ကြိုတင်မှန်းဆ နိုင်ပြီးလျှင် ချမှတ်ထားရှိသည့် မူများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီစေရန် သို့မဟုတ် သဟဇာတဖြစ်စေရန် ကြိုးပမ်းလိုက်ပါ ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ 

ထို့ပြင် တိုင်းသူပြည်သားများအနေနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှုကိစ္စရပ်များကိုလည်း မည်ကဲ့သို့ ရယူဆောင်ရွက်နိုင်သည်များကို စနစ်တကျသိမြင်နားလည်စေပြီးလျှင် အကောင်းမွန်ဆုံးသော ပြည်သူ့ရေးရာဝန်ဆောင်မှုများအား ရယူ ခံစား စံစားနိုင်စေမည်ဖြစ်ပါသည်။

လူဆိုသည်မှာ မျှော်လင့်ချက်များနှင့် အသက်ရှင်နေထိုင်သည့် သတ္တဝါဖြစ်ပြီး မျှော်လင့်ချက်များသည်သာ လူ့ဘဝ၏ အနှစ်သာရများဖြစ်သည့်အတွက် မျှော်လင့်ချက်များ ထားရှိရန်၊ မျှော်လင့်ချက်များကို ဖြည့်ဆည်းရရှိနိုင်စေရန် အမြဲကြိုးပမ်းအားထုတ်နေထိုင်ကြရသည်ဖြစ်ရာ မှန်ကန်သော မျှော်လင့်ချက်များတည်ရှိ ဖြစ်ပေါ်နေစေရန်နှင့် ဖြည့်ဆည်းနိုင်စေရန်မှာ တိုင်းပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ်နေလျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှု အခြေအနေများသည် ကြိုတင်ခန့်မှန်းနိုင်/ကြိုတင်မှန်းဆနိုင်သည့် အခြေအနေတွင် ဖြစ်ပေါ်တည်ရှိနေစေမည့် ပတ်ဝန်းကျင်ကို တည်ဆောက်ထားရှိရန်မှာ တိုင်းပြည်နိုင်ငံအတွက် အသက်တစ်မျှအရေးကြီးသည့် အကြောင်းအရာဖြစ်ပါသည်။

စာဖတ်သူများအတွက် သတိပြုစေလိုသည့်အချက်မှာ လူကိုမဆိုထားနှင့် အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်း စသည့် သုံးမျိုးသာလျှင် သိမြင် နားလည် ကျင့်သုံးလျက်ရှိသည့် တိရစ္ဆာန်များပင်လျှင် အိပ်ရန်၊ စားရန်နှင့် ကာမဂုဏ်မှီဝဲနိုင်စေရေးအလို့ငှာ ကြိုတင်ခန့်မှန်းနိုင်/ကြိုတင်မှန်းဆနိုင်ရန် အစဉ်အမြဲကြိုးပမ်းအားထုတ်လျက် ရှင်သန်နေထိုင်လှုပ်ရှားနေကြရမည်ဖြစ်ပါသည်။ အကယ်၍ ကြိုတင်ခန့်မှန်းနိုင်မှု/ကြိုတင်မှန်းဆနိုင်မှု မပြုနိုင်ခဲ့ပါက သို့မဟုတ် လုံးဝမှားယွင်းခဲ့ပါက ဖော်ပြပါ တိရစ္ဆာန်များ၏ အသက်ရှင်ရပ်တည်နိုင်စေရန်မှာ လွန်စွာခက်ခဲမည် ဖြစ်ပါသည်။ စာဖတ်သူတို့အနေဖြင့် ကြိုတင်ခန့်မှန်းနိုင်မှု/ကြိုတင်မှန်းဆနိုင်မှု သည် အသက်ရှင်လျက်ရှိသည့် သတ္တဝါအားလုံးတို့အတွက် မရှိမဖြစ်အရေးကြီးသည့် အခြေအနေကို တင်ပြခြင်းဖြစ်ပါသည်။

စာရေးသူ လေ့လာ သင်ယူသင်ကြားခဲ့ရသည့် စာရင်းအင်းပညာ ဘာသာရပ်တွင် နမူနာတန်ဖိုးကို အခြေခံပြီး ဦးရေ တန်ဖိုးကို ခန့်မှန်းခြင်း (Estimation)၊ ကိန်းရှင်နှစ်ခု၏ အဖြောင့်ဆက်သွယ်ချက်အရ မျဉ်းဖြောင့်အလားအလာမျဉ်းကို အခြေခံပြီး ကိန်းရှင်တစ်ခု၏ တန်ဖိုးရရှိပါက ကျန်ကိန်းရှင်၏တန်ဖိုးကို ခန့်မှန်းခြင်း (Estimation)၊ အချိန်ကာလအလိုက် တည်ရှိဖြစ်ပေါ်နေခဲ့သည့် တန်ဖိုးများကို အခြေခံကာ နောင်အနာဂတ်အချိန် ကာလတွင် တည်ရှိနေမည့်တန်ဖိုးကို ခန့်မှန်းခြင်း (Forecasting)၊ ကောက်ယူရရှိသည့် တွက်ယူရရှိသည့် ကိန်းရှင်အမျိုးမျိုးအပေါ်တွင် အခြေခံကာ ခန့်မှန်းတန်ဖိုးကို ရှာဖွေခြင်း (Projection) များ စသည်ဖြင့် စာရင်းအင်းပညာ နည်းလမ်းများကို အသုံးပြုပြီး လေ့လာစိစစ်တွက်ချက်ကာ ကြိုတင်ခန့်မှန်းတန်ဖိုးများကို ရရှိနိုင်ရန် ပြုလုပ်ကြရပါသည်။     

ယခုဆောင်းပါးတွင် တင်ပြချက်များသည် အထက်ဖော်ပြပါ စာရင်းအင်းပညာနည်းလမ်းများကို အသုံးပြု သည့် ကြိုတင်ခန့်မှန်းခြင်းများကို ရှင်းလင်းတင်ပြမည် မဟုတ်ပါ။

ဤတွင် ပြည်သူ ပြည်သားများအနေနှင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးဆောင်ရွက်မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြိုတင်ခန့်မှန်းနိုင်/ကြိုတင်မှန်းဆနိုင်ခဲ့ကြပါသလားဆိုသည့် မေးခွန်းဖြစ်ပါသည်။ 

လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ စာရေးသူသိမြင်နားလည်သည့်အချိန် အတွေ့အကြုံများအရ ဖြေကြားရပါလျှင် ကြိုတင်ခန့်မှန်း နိုင်ခြင်း/ကြိုတင်မှန်းဆနိုင်ခြင်း မရှိခဲ့ကြပါ။

အဘယ့်ကြောင့်ဆိုသော် တိုင်းပြည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများအနေနှင့် တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ရန်၊ ပြည်သူပြည်သားများ ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှင်ရပ်တည်နိုင်စေရန် ကြိုးပမ်းအားထုတ်မည်ဆိုသော သဘောတရားထက် မိမိတို့ အချုပ်အခြာအာဏာရရှိစေရေး၊ အချုပ်အခြာအာဏာ တည်မြဲစေရေးကို တိုင်းသူ ပြည်သားများ၏ လိုအင်ဆန္ဒများအပေါ်တွင် အခြေခံကာ တည်ဆောက်ခြင်းမပြုဘဲ “လက်နက် အင်အား” သို့မဟုတ် “စစ်အင်အား” အပေါ်တွင်သာ အခြေခံပြီး ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ အကျိုးဆက်အဖြစ် တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများနှင့် ပြည်သူပြည်သားများအကြား အပြန်အလှန်လေးစားယုံကြည်မှု ရရှိနိုင်စေရန်မှာ လွန်စွာခက်ခဲသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပါသည်။

နိုင်ငံအချင်းချင်း စစ်ဖြစ်လျက်ရှိသည့် အခြေအနေအချိန်အခါလည်းမဟုတ်၊ ပြည်တွင်းစစ် ကြီးမားစွာဖြစ်ပွားလျက်ရှိသည့် အခြေအနေ အချိန်အခါလည်း မဟုတ်သည့်အပြင် စစ်ဖြစ်လျက်ရှိသည့် နေရာဒေသများသည် တစ်နိုင်ငံလုံး မဟုတ်သော်လည်း အာဏာရရှိစေရေးနှင့် အာဏာတည်မြဲစေရေးအတွက် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် စစ်အုပ်ချုပ်ရေးကို ကာလတာရှည် အသုံးပြုခဲ့ကြသဖြင့် တိုင်းပြည် နိုင်ငံတော် အပေါ်တွင် အကျိုး သက်ရောက်စေမှုမှာ ကြီးမားကျယ်ပြန့်လှပါသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာအဝဝကို ရယူခဲ့ကြသူများသည် “ခု စာကလေးကြော်၊ ခု ဆီထမင်း” အုပ်ချုပ်သည့် ပုံစံကို ကျင့်သုံးခဲ့ကြသဖြင့် မည်သည့်စနစ်၊ မည်သည့် မူဘောင်မျှ ရှင်သန်ရပ်တည်နိုင်ခြင်း မရှိတော့ပါ။ မည်သည့် အကြောင်းအရာ အခြေအနေကိုမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း/ကြိုတင်မှန်းဆနိုင်ခြင်း မရှိတော့ပါ။ မျှော်လင့်ချက်များလည်း ပျက်သုဉ်းပျောက်ကွယ်သွားစေခဲ့ပြီး “အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား” ပြုလုပ်သည့် ယဉ်ကျေးမှုသည်သာ ထွန်းကားပြန့်ပွားစေခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းအများစုသည် ရေတို ချက်ချင်းအကျိုးအမြတ် ရရှိနိုင်သည်များကိုသာ ဦးစားပေး ဆောင်ရွက်ကြပြီး “မြန်မြန်လုပ်၊ မြန်မြန်ရ၊ မြန်မြန်ပြေး” ဆိုသည့် အလေ့အကျင့်သည်သာ အကိုက်ညီဆုံး အကောင်းမွန်ဆုံး ဖြစ်လာစေပြီးလျှင် အကျိုးဆက်အဖြစ် ယနေ့စာဖတ်သူတို့ တွေ့မြင်နေကြရသည့် တိုင်းပြည် နိုင်ငံတော်သည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC)၊ ပြည်သူ ပြည်သားများသည်လည်း အေးချမ်းလုံခြုံ စိတ်ချရသည့် ပတ်ဝန်းကျင်ကို ရရှိခံစားနိုင်ခြင်း မရှိသည့်အပြင် အချို့သော ပြည်သူပြည်သားများမှာ အိုးအိမ်စွန့်ခွာ၊ နေရပ်စွန့်ခွာရသည့် ဘဝများအဖြစ် ရပ်တည်ရှင်သန်နေရလျက် ရှိနေပါသည်။

စာရေးသူအနေဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ သတ္တဝါတို့မည်သည် မျှော်လင့်ချက်နှင့် အသက်ရှင်နေထိုင်ကြရသည့်အတွက် တိုင်းပြည် နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားများ၏ မျှော်လင့်ချက်များ ရှင်သန်ခိုင်မာစေပြီး ပြည့်စုံစွာ ရရှိနိုင်စေရေး၊ ဖြည့်ဆည်းနိုင်စေရေးအလို့ငှာ ကြိုတင်ခန့်မှန်းနိုင်မှု/ကြိုတင်မှန်းဆနိုင်မှု ရှိစေမည့် ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်နိုင်ကြစေရန်နှင့် တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူကြသူများအနေဖြင့် ပတ်ဝန်းကျင်ကောင်းကို ထိခိုက်ပျက်ပြားစေမည့် စနစ်မရှိ၊ မူဘောင်မရှိဘဲ ပါးစပ်နှင့် ကြုံသလို ပြောဆို အမိန့်ပေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို အခြေခံပြီး အာဏာကိုအလွဲသုံးစားပြုခြင်း၊ အဂတိလိုက်စားခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတို့ကို ရှောင်ရှားနိုင်စေရေး၊ တည်ရှိဖြစ်ပေါ်လာခြင်းမရှိစေရန် တားဆီးထိန်းသိမ်းနိုင်စေရေးနှင့် ကာကွယ်စောင့်ရှောက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ တိုင်းပြည် နိုင်ငံတော်၊ ပြည်သူ ပြည်သားများနှင့် အုပ်ချုပ်သူအစိုးရတို့၏ သဘောသဘာဝ အကျဉ်းကို တင်ပြပါမည်။ နိုင်ငံရေးစနစ်နှင့် အုပ်ချုပ်သူအစိုးရတို့ မည်ကဲ့သို့ ပြောင်းလဲနေသည်ဖြစ်စေ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများမှာ အမြဲတစေ ရှင်သန်ရပ်တည်နိုင်ရန် ကြိုးပမ်းအားထုတ်နေကြမည်သာ ဖြစ်ပါသည်။ ကောင်းမွန်သော နိုင်ငံရေးစနစ်နှင့် သန့်ရှင်းသော အုပ်ချုပ်သူအစိုးရကို ရရှိခဲ့ပါလျှင် ပြည်သူ ပြည်သားများသည် ကြိုတင်ခန့်မှန်းနိုင်/ကြိုတင်မှန်းဆနိုင်သဖြင့် တိုင်းပြည်နိုင်ငံတော်သည် သာယာဝပြောစေပြီး ပြည်သူ ပြည်သားများမှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနှင့် အသက်ရှင် ရပ်တည်နိုင်ခွင့် ရရှိကြမည် ဖြစ်ပါသည်။

မကောင်းမွန် မကိုက်ညီသည့် နိုင်ငံရေးစနစ်နှင့် ဆိုးသွမ်းရက်စက်ကြမ်းကြုတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် အစိုးရမျိုးကို ရရှိခဲ့ပါလျှင် တိုင်းပြည် နိုင်ငံတော်မှာလည်း ဆင်းရဲမွဲတေစေပြီး ပြည်သူ ပြည်သားများမှာ အသက်ကို ဖက်နှင့်ထုတ်ထားရသကဲ့သို့ ဖြစ်စေကာ လုံခြုံမှု မရှိဘဲ အသက်ရှင်သန်နိုင်စေရန် ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်နေရမည် ဖြစ်ပါသည်။ ပြည်သူ ပြည်သားများမှာ ကြိုတင်ခန့်မှန်းနိုင်ခြင်း/ကြိုတင်မှန်းဆ နိုင်ခြင်းမရှိသဖြင့် မည်သည့်လုပ်ငန်းကိုမျှ တည်ငြိမ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါ။ တိုင်းပြည် နိုင်ငံတော်၏ အဆင့်မှာလည်း ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖြစ်သို့ ရောက်ရှိစေပြီးလျှင် ပြည်သူ ပြည်သားအချို့မှာ အိုးအိမ်စွန့်ခွာ နေရပ်စွန့်ခွာကြရသည့် ဘဝမျိုးတွင် အသက်ရှင်နေထိုင်ကြရမည် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် တိုင်းပြည် နိုင်ငံတော်၊ ပြည်သူ ပြည်သားများနှင့် တာဝန်ယူလျက်ရှိသည့် အစိုးရ၏ အစီအစဉ်များ သဘောသဘာဝကို ပုံတွင် ဖော်ပြထားပါသည်။ တိုင်းပြည် နိုင်ငံတစ်နိုင်ငံရှိ ပြည်သူ ပြည်သားများအကြားတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှု သဘောတရားများနှင့် လုပ်ငန်းရပ်များသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ တည်ရှိနေသရွေ့တည်ရှိဖြစ်ပေါ်နေမည်သာ ဖြစ်ပါသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများအနေဖြင့် ဖော်ပြပါ တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှ တိုင်းပြည် နိုင်ငံတော်ကြီးအား ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ကြီးအဖြစ်သို့ ပြောင်းလဲနိုင်စေရေးအလို့ငှာ မူများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများချမှတ်ကာ အစီအစဉ်များပြုလုပ် အကောင် အထည်ဖော်ဆောင်ရွက်ကြရပါသည်။ 

 

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများအနေဖြင့် နိုင်ငံတော်၏ အထူးလျှို့ဝှက်ချက်များမှလွဲ၍ ချမှတ်သည့် မူများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အစီအစဉ်များအား ပြည်သူပြည်သား လူအများ ကြိုတင်ခန့်မှန်းနိုင်/ကြိုတင်မှန်းဆနိုင်စေရေးအတွက် စနစ်တကျ ချပြခြင်း၊ သိမြင် နားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်မှာ မဖြစ်မနေ လုပ်ဆောင်ကြရမည့် တာဝန်ဖြစ်ပါသည်။

သို့သော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများမှာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေခဲ့သော် စနစ်ကျသည့် မူများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း မပြုနိုင်တော့ဘဲ စနစ်မရှိ၊ မူဘောင်မရှိဘဲ ပါးစပ်နှင့် ကြုံသလို ပြောဆို အမိန့်ပေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကိုသာ ပြုလုပ်ဆောင်ရွက်လေ့ရှိပါသည်။

အထက်ဖော်ပြပါ အခြေအနေသည် တိုင်းပြည် နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားချိန် အခိုက်အတန့်ကာလအတွက် ကျင့်သုံးဆောင်ရွက်လျှင် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများအတွက် ကောင်းကျိုးကို ဖြစ်ထွန်းစေ နိုင်ပါသော်လည်း ငြိမ်ဝပ်ပိပြားမှုရှိသည့် အချိန်ကာလ၊ နေရာဒေသများ၌ ကာလကြာရှည်အသုံးပြုခဲ့ပါလျှင် ယနေ့ မိမိတို့ တိုင်းပြည် နိုင်ငံ ကြုံတွေ့ရလျက်ရှိသည့် စိန်ခေါ်မှု အမျိုးအစားများကို မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်ပါသည်။

တတိယအနေဖြင့် စာရေးသူ၏ အမြင်သက်သက်ဖြင့် အကြံပြု အဆိုပြုတင်ပြလိုသည်မှာ တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူကြသူများအနေနှင့် မိမိတို့ တိုင်းပြည် နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားများအား ကြိုတင်ခန့်မှန်းနိုင်သည့်/ကြိုတင်မှန်းဆနိုင်သည့် ပတ်ဝန်းကျင်ကောင်းကို ရရှိ ခံစား စံစားနိုင် စေရန် အစွမ်းကုန် တည်ဆောက်ကြစေလိုပါသည်။

ထိုသို့ ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်နိုင်စေရန်မှာ မိမိတို့ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းရပ်များကို ကျွမ်းကျင်ပိုင်နိုင်သူများ ကျွမ်းကျင်အတတ်ပညာရှင်များ (Professionals) ဖြစ်ရန် လိုပါသည်။ နိုင်ငံရေး ကျွမ်းကျင်သူများက နိုင်ငံရေး အလုပ်လုပ်ရန်၊ စစ်ရေး ကျွမ်းကျင်သူများက စစ်ရေး အလုပ် လုပ်ရန်၊ စီးပွားရေးကျွမ်းကျင်သူများ စီးပွားရေး အလုပ်လုပ်ရန် စသည်တို့ဖြစ်ပါသည်။ စာရေးသူ ဥပမာ ပေးလိုသည်မှာ တိုင်းပြည် နိုင်ငံတော်နှင့် ပတ်သက်သည့် စစ်ရေး စစ်ရာ ကိစ္စရပ်များ မည်သို့ပင်များပြားစေကာမူ နိုင်ငံရေးကိစ္စရပ်များကို နိုင်ငံရေးကျွမ်းကျင်သူများကသာ တာဝန် ယူဆောင်ရွက်လျက်ရှိသည့် အစ္စရေးနိုင်ငံကို အတုယူစေလိုပါသည်။ 

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ သတ္တဝါတို့မည်သည် မျှော်လင့်ချက်နှင့် အသက်ရှင်နေထိုင်ကြရသည့်အတွက် တိုင်းပြည် နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၏ မျှော်လင့်ချက်များ ရှင်သန်ခိုင်မာစေပြီး ပြည့်စုံစွာ ရရှိနိုင်စေရေး၊ ဖြည့်ဆည်းနိုင်စေရေးအလို့ငှာ ကြိုတင်ခန့်မှန်းနိုင်မှု/ကြိုတင်မှန်းဆနိုင်မှု ရှိစေမည့် ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်နိုင်ကြစေပြီး တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူကြသူများအနေနှင့် ပတ်ဝန်းကျင်ကောင်းကို ထိခိုက်ပျက်ပြားစေမည့် စနစ်မရှိ၊ မူဘောင်မရှိဘဲ ပါးစပ်နှင့် ကြုံသလို ပြောဆို အမိန့်ပေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို အခြေခံပြီး အာဏာကိုအလွဲသုံးစား ပြုခြင်း၊ အဂတိလိုက်စားခြင်းနှင့် အကျင့်ပျက်ခြစားခြင်း တို့ကို ရှောင်ရှားနိုင်စေရေးနှင့် တည်ရှိဖြစ်ပေါ်လာခြင်းမရှိ စေရန် တားဆီးထိန်းသိမ်းနိုင်စေရေး၊ ကာကွယ်စောင့်ရှောက်နိုင်စေရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်နိုင် ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent