မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Check in Counter ကို ပြည်တွင်းခရီးစဉ်များတွင် လေယာဉ်မထွက်မီ နှစ်နာရီအလိုနှင့် ပြည်ပခရီးစဉ်အတွက် သုံးနာရီအလိုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးမည်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Check in Counter ကို ပြည်တွင်းခရီးစဉ်များတွင် လေယာဉ်မထွက်မီ နှစ်နာရီအလိုနှင့် ပြည်ပခရီးစဉ်အတွက် သုံးနာရီအလိုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးမည်
Published 24 June 2022

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Check in Counter ကို ပြည်တွင်းခရီးစဉ်များတွင် လေယာဉ်မထွက်မီ နှစ်နာရီအလိုနှင့် ပြည်ပခရီးစဉ်အတွက် သုံးနာရီအလိုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း Check in Counter ကို ပြည်တွင်းခရီးစဉ်များတွင် လေယာဉ်မထွက်မီ မိနစ် ၃၀ အလိုတွင် ပိတ်မည်ဖြစ်ပြီး ပြည်ပခရီးစဉ်များတွင် လေယာဉ်မထွက်မီ ၄၅ မိနစ်အလိုတွင် ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဘန်ကောက်လေဆိပ်ရှိ  Check in Counter ကို မူလေယာဉ်မထွက်မီ မိနစ် ၆၀ အလိုတွင် ပိတ်သည့်အတွက်ခရီးသည်များအနေနှင့် လေယာဉ်မထွက်မီ နှစ်နာရီအတွင်းတွင် Chick-in ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က နေ့စဉ်ပျံသန်းနေသည့် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား ဇွန် ၁၅ ရက်မှစတင်ကာ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့တွင် တစ်ရက် နှစ်ကြိမ်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား နေ့စဉ်ပျံသန်းနေခြင်းဖြစ်သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာတွင် ကူမင်း၊ အင်ချွန်းနှင့် စင်ကာပူနိုင်ငံများသို့ Cargo ခရီးစဉ်များအား ငှားရမ်းမှုများပြား ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ဆိုသည်။                 

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Play Store တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန်ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ်အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်းအစရှိသော ခရီးစဉ်ဆိုင်ရာဝန် ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်တွင် U.B.A ‘မြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေး’ အမည်ဖြင့် နိုင်ငံတော်ပိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ယခုလေကြောင်းလိုင်းကို မြန်မာ့လေကြောင်းဟု အမည်ပြောင်းလဲခဲ့ပြီး ခရီးစဉ်ပေါင်း ၂၁ ခုကို ပျံသန်းခဲ့ခြင်းဖြစ်သည်။

၂၀၁၄ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်း အမည်ပြောင်း၍ ပြည်တွင်းပြည်ပခရီးစဉ်များကို ပျံသန်းလျက်ရှိခြင်းဖြစ်သည်။ လက်ရှိတွင်မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းရှိ မြို့ပေါင်း၂၈ မြို့ကို ပျံသန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ် အများဆုံးပျံသန်းနေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။

ယင်းပြင် ပြည်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကူမင်း၊ ချန်ဒူး၊ နယူးဒေလီ၊ ကိုးလ်ကတ္တားနှင့် မနီလာမြို့များသို့ ပျံသန်းနေပြီး နိုင်ငံတကာခရီးစဉ်များကိုလည်း ဆက်လက်တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent