ရုရှား-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (မူကြမ်း) လက်မှတ်ရေးထိုးရေး၊ ရုရှားလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စက်မှုဇုန်များထူထောင်၍ လာရောက်လုပ်ကိုင်ရေးဆွေးနွေး

ရုရှား-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (မူကြမ်း) လက်မှတ်ရေးထိုးရေး၊ ရုရှားလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စက်မှုဇုန်များထူထောင်၍ လာရောက်လုပ်ကိုင်ရေးဆွေးနွေး
၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်အခမ်းအနားကို တွေ့ရစဉ်(ဓာတ်ပုံ-MOPF)
၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်အခမ်းအနားကို တွေ့ရစဉ်(ဓာတ်ပုံ-MOPF)
Published 21 June 2022

ရုရှား-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(မူကြမ်း)လက်မှတ်ရေးထိုးရေး၊ ရုရှားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စက်မှုဇုန်များထူထောင်၍ လာရောက်လုပ်ကိုင်ရေးတို့ကို  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် ၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံဆွေးနွေးမှုများအတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E.Mr.Maksim Reshetnikov နှင့်တွေ့ဆုံ၍ ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် တတိယအကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရေး၊ ရုရှား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(မူကြမ်း) လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စက်မှုဇုန်များထူထောင်၍ လာရောက်လုပ်ကိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံဘဏ်လုပ်ငန်းနှင့် ငွေပေးငွေယူကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Cooperation) လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား လက်တွေ့လုပ်ငန်းစဉ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ၊ အာဆီယံနှင့်ဥရောပ-အာရှစီးပွားရေးကော်မရှင်အကြား ပေါင်းစပ်ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံနှင့်ဥရောပ-အာရှစီးပွားရေးကော်မရှင်တို့အကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ရေးထိုးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဥရောပအာရှစီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E.Mr.Sergei Glazyev မှ တည်ခင်းသည့် အလုပ်သဘောညစာစားပွဲသို့ တက်ရောက်စဉ် မြန်မာနိုင်ငံက ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများလွယ်ကူစေရေး၊ နိုင်ငံအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်ထွက်ရှိရန်နှင့် ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရန်အတွက် နည်းပညာဆိုင်ရာပ့ံပိုးကူညီနိုင်ရေး၊ စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ဒစ်ဂျစ်တယနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေး၊ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ ဆီချောစက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ၊ ရော်ဘာစက်ရုံများ တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ နှစ်နိုင်ငံလေကြောင်း လိုင်းပြေးဆွဲရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ စက်သုံးဆီသိုလှောင်ကန်နှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌ Mr.Ivan Polyakov နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent