ကမ္ဘာ့ရွှေစျေး ၁၈၄၁ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းကျပ် ၂၀၅၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိ

ကမ္ဘာ့ရွှေစျေး ၁၈၄၁ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းကျပ် ၂၀၅၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိ
Published 20 June 2022

ဇွန် ၂၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၄၁ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာကျပ် ၂၀၅၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ ရွှေစျေးကွက်မှာ ဧပြီ ၈ ရက်တွင် စတင်ပိတ်ခဲ့ပြီး ဧပြီ ၁၈ ရက်တွင်မှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ရွှေဆိုင်အချို့သည် ငွေသား Cash down စနစ်ဖြင့် ပြန်ဝယ်ဦးစား ပေးစနစ်ဖြင့် ဝယ်ယူနေကြောင်း အသိပေးချက်ထုတ်ပြန် ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာအရောင်း အဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

လက်ရှိတွင် ရွှေအရောင်းဆိုင်များတွင် အဆိုပါသတ်မှတ်စျေးနှုန်းအား အရောင်းဘောက်ချာတွင် သာရေး၍ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ဝယ်ယူရာတွင် ပြင်ပပေါက်စျေးဖြင့်သာ ပေးချေဝယ်ယူနေရ ခြင်းဖြစ်သည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ရွှေလုပ်ငန်းရှင်များမှ စျေးကွက်တွင်မူ အဆိုပါစျေးဖြင့် ဝယ်ယူမရနိုင်ဘဲ ပြင်ပပေါက်စျေးဖြင့်သာ ဝယ်ယူရောင်းချနေရသဖြင့် ယင်းကဲ့သို့ ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်၂၀၇၀၀၀၀  စျေးသို့ရောက်ရှိနေသော်လည်း ရွှေဝယ်ယူစုဆောင်းသူများပြားမှုကြောင့် ရွှေဆိုင်များတွင် ရွှေထည် ပြတ်လပ်သည်အထိ ရောင်းချနေရပြီး အချို့ဆိုင်များမှာ ရောင်းချမှု ပိတ်ထားကြောင်း သိရသည်။