၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဝင်စာမေးပွဲတွင် မန္တလေးမြို့ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူမှာ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဝင်စာမေးပွဲတွင် မန္တလေးမြို့ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူမှာ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိ
Published 17 June 2022

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာမှုအရ သိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူ ၁၂ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့သူမှာ မန္တလေး အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်ကြောင်းသိရသည်။

အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားကာ ၂၀၂၁-၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ချမ်းအေးသာစံမြို့နယ် အထက ၁၆ စာဖြေဌာနတွင် ဖြေဆိုခဲ့သော ကျောင်းသူ မအိမ့်မှူးခင် မှာ ၆ ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး စုစုပေါင်းရမှတ် ၅၅၈ မှတ်ဖြင့်  တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"၂၀၂၁-၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အ.ထ.က ၁၆ ကနေ အယောက် ၁၀၀ တိတိဝင်ဖြေခဲ့တယ်။ အဲသည်ထဲမှာမှ ဒီနေ့အောင်စာရင်းရလာဒ်မှာ ဘာသာစုံဂုဏ်ထူးရှင် ၄ ယောက် ၅ဘာသာဂုဏ်ထူးရှင် ၃ ယောက်ပါပါတယ်။ အဲသည်ထဲမှာမှ ကျောင်းအတွက်  ၊ မြို့နယ်နဲ့ မန္တလေးတိုင်းအတွက် ဝမ်းသားစရာ Top 1 ရခဲ့တယ်ပေါ့။ ဒါက ကျွန်တော်တို့ကျောင်းရဲ့သမိုင်းမှာလည်းမရှိသေးဘူး ပထမဆုံးဖြစ်တာကြောင့် ဂုဏ်ယူစရာပါ။ အခုလို ရတဲ့ကျောင်းသူသမီးအတွက်လည်း ဂုဏ်ယူပါတယ်။ ဒါက ကျောင်းအတွက် ခွန်အားတစ်ခု ရသွားတာပေါ့"ဟု အထက ၁၆  ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက ပြောကြားသည်။

တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိခဲ့သည်ကျောင်းသူမှာ အထက ၁၆ တွင် Grade 1 ကတည်းက စတင်ပညာသင်ကြားလာသည့်ကျောင်းသူဖြစ်ကြောင်းသိရသည်။ယခုနှစ်တွင် အထက ၁၆  ကျောင်း၏ အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ရာခိုင်နှုန်းရှိပြီး အောင်မြင်သူများထဲမှ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၃၄ ယောက်ရှိခဲ့ကြောင်းသိရသည်။

၂၀၂၁- ၂၂ ပညာသင်နှစ် တွင် မန္တလေးတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင် ရောက်ဖြေဆိုခဲ့သူဦးရေစုစုပေါင်း ၃၃၅၄၈ ဦးရှိခဲ့ရာ အောင်မြင်သူ ဦးရေ စုစုပေါင်း ၁၆၇၄၇  ဦးရှိခဲ့ ကြောင်းသိရသည်။

Most Read

Most Recent