MAPCO က သီလဝါအကွက်-၂၈ တွင် ဆောင်ရွက်ရန်ရှိသည့် LNG to Power စီမံကိန်းနှင့် အခြားစီမံကိန်းများကို လတ်တလောအခြေအနေအရ ခေတ္တရပ်ဆိုင်းထား

MAPCO က သီလဝါအကွက်-၂၈ တွင် ဆောင်ရွက်ရန်ရှိသည့် LNG to Power စီမံကိန်းနှင့် အခြားစီမံကိန်းများကို လတ်တလောအခြေအနေအရ ခေတ္တရပ်ဆိုင်းထား
MAPCO ၏ စီမံကိန်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-MAPCO)
MAPCO ၏ စီမံကိန်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-MAPCO)
Published 14 June 2022

MAPCO က ဂျပန်နိုင်ငံမှ မိတ်ဖက်ကုမ္ပဏီများနှင့် သီလဝါအကွက်-၂၈ တွင် ဆောင်ရွက်ရန်ရှိသည့် LNG to Power စီမံကိန်းနှင့် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ မိတ်ဖက်အဖွဲ့များနှင့် ဆောင်ရွက်နေသော လှည်းကူးစီမံကိန်း၊ အခြားစီမံကိန်းသည် လက်ရှိအခြေအနေများကြောင့် လတ်တလောအခြေအနေတွင် ခေတ္တရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက် (MAPCO) ၏ ၂၀၂၁- ၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆန်နှင့်လယ်ယာထွက်ကုန်များ ထုပ်ပိုးသည့် PP အိတ်ခွံများ၊ အခြားအိတ်ခွံများ ထုတ်လုပ်သည့်စက်ရုံကို အိန္ဒိယနိုင်ငံမှ မိတ်ဖက်ရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်း၍ တွံတေးရှိ MAPCO မြေနေရာတွင် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင်စတင်ခဲ့သော COVID ကပ်ရောဂါကြောင့် စီးပွားရေးနှေးကွေးကျဆင်းမှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးမတည်ငြိမ်မှုများ၊ စီးပွားရေးလူမှုရေးဆိုင်ရာ အခက်အခဲများအကြားတွင် MAPCO အား ရှင်သန်ရပ်တည်နိုင်အောင် ဒါရိုက်တာအဖွဲ့နှင့် ဝန်ထမ်းများမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်များတွင် ရင်ဆိုင်ရသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ကျန်းမာရေးနှင့် ကူးစက်ရောဂါဆိုင်ရာ အန္တရာယ်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ ကျပ်တည်းမှုများအကြားတွင် MAPCO အနေဖြင့် ကြိုးစားရုန်းကန်ခဲ့ရပြီး လယ်ယာကဏ္ဍအကျိုးနှင့် အစုရှယ်ယာထည့် ဝင်ထားသူများ၏ အကျိုးစီးပွားမယုတ်လျော့စေရန် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MAPCO အနေဖြင့် ဆန်စပါးဝယ်ယူ၊ ကြိတ်ခွဲ၊ ပြည်ပတင်ပို့သည့်လုပ်ငန်းနှင့် ဓာတ်မြေသြဇာတင်သွင်းဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း၊ MAPCO Golden Lace ကျိုက်လတ်ဆန်စက်ရောင်းချမှု၊ AFC အစုရှယ်ယာရောင်းချမှုများကို ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ်ချေးငွေအချို့ကို ပေးဆပ်ကာ ရောင်းရငွေများကို ဆန်စပါးလုပ်ငန်း၊ ဓာတ်မြေသြဇာတင်သွင်းဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများတွင် လုပ်ငန်းသုံးလှည့်ပတ်ငွေများအဖြစ် အသုံးပြုလျက်ရှိပြီး ဝင်ငွေနှင့်အကျိုးအမြတ်တိုးပွားရရှိစေရန် စီမံလုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

MAPCO ၏ နေပြည်တော်ဆန်စက်၊ လှိုင်သာယာဆန်စက်များကို ပုံမှန်လည်ပတ်လျက်ရှိပြီး ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ တွံတေး၊ မြောင်းမြနှင့် မအူပင်တို့တွင် ခေတ်မီအခြောက်ခံစက်များ၊ ဆန်စပါကြိတ်ခွဲစက်များ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အားပေးမှုများကြောင့် ကန်ထရိုက်လယ်ယာလုပ်ငန်း၊ ဖွဲနုဆီစက်လုပ်ငန်း၊ စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent