မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်
 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသည့် ခရီးသည်များအားတွေ့ရစဉ်
 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသည့် ခရီးသည်များအားတွေ့ရစဉ်
Published 6 June 2022

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Borading Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Play Store တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန်ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်း အစရှိသော ခရီးစဉ်ဆိုင်ရာ ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန် ဒုတိယမြောက် Boeing 737-800 NG လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၇ ရက်ညနေပိုင်းက ရောက်ရှိခဲ့သည်။

အဆိုပါ Boeing 737-800 NG လေယာဉ်အား Dubai Aerospace Enterprise မှငှားရမ်းထားခြင်းဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် အားဖြည့်တိုးချဲ့ပျံသန်းသွားမည်ဖြစ်သည်။

“အခုရောက်ရှိလာတဲ့ ဘိုးရင်းလေယာဉ်ကို ခန့်မှန်း ဇူလိုင် ၂ ရက်၊ ၃ ရက်လောက်နေစပြီး စင်ကာပူကို တစ်ပတ်လေးကြိမ်ပျံသန်းနေရာကနေ နေ့စဉ်တိုးချဲ့ပျံသန်းသွားမှာပါ။ နောက်ပြီးလက်ရှိနေ့စဉ်ပျံသန်းနေတဲ့ ဘန်ကောက်ခရီးစဉ်မှာလည်း ဘိုးရင်းနှစ်စီးကို အလှည့်ကျအသုံးပြုသွားပါမယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ တရုတ်ပြည်ကို ပျံသန်းနေတဲ့ခရီးစဉ်တွေဖြစ်တဲ့ ချန်ဒူး၊ ကူမင်းခရီးစဉ်တွေကိုလည်း ပျံသန်းသွားမှာပါဖြစ်ပါတယ်။ အဓိကပြောရင် ပြည်ပခရီးစဉ်တွေ  အကုန်လုံးကို ဘိုးရင်းလေယာဉ်တွေနဲ့ပဲ ပျံသန်းသွားမှာပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်တွင်U.B.A ‘မြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေး’ အမည်ဖြင့် နိုင်ငံတော်ပိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ယခုလေကြောင်းလိုင်းကို မြန်မာ့လေကြောင်းဟု အမည်ပြောင်းလဲခဲ့ပြီး ခရီးစဉ်ပေါင်း ၂၁ ခုကိုပျံသန်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်း အမည်ပြောင်း၍ ပြည်တွင်းပြည်ပခရီးစဉ်များကို ပျံသန်းလျက်ရှိခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းရှိ မြို့ပေါင်း၂၈ မြို့ကို ပျံသန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ်အများဆုံးပျံသန်းနေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။

ယင်းပြင် ပြည်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကူမင်း၊ ချန်ဒူး၊ နယူးဒေလီ၊ ကိုးလ်ကတ္တားနှင့် မနီလာမြို့များသို့ ပျံသန်းနေပြီး နိုင်ငံတကာခရီးစဉ်များကိုလည်း ဆက်လက်တိုးချဲ့ပျံသန်း ရန် စီစဉ်နေကြောင်းလည်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို [email protected] သို့ email ပေးပို့၍ အသေးစိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည်စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များ ပုံမှန်ပျံသန်းနေပြီဖြစ်သည်။

 

Most Read

Most Recent